တိုက်ပွဲထဲက လက်နက်ကြီးကျည်ရွာထဲကျ၍ ကျောက်စာတိုင်ကျေးရွာမှာ ခမီလူမျိုး ၃၀၀ ကျော်ထွက်ပြေးရ

တိုက်ပွဲထဲက လက်နက်ကြီးကျည်ရွာထဲကျ၍ ကျောက်စာတိုင်ကျေးရွာမှာ ခမီလူမျိုး ၃၀၀ ကျော်ထွက်ပြေးရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ ကျောက်စာတိုင် (ခမီ) ကျေးရွာ အတွင်းသို့  ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲမှ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲသဖြင့် ရွာသား ၃၀၀ ကျော်သည် ရွာကိုစွန့်ခွာကာ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာကြသည်ဟု သတင်းရရှိသည်။

ယမန်နေ့အောက်တိုဘာလ ၁၆ ရက် နံနက် ၆ နာရီဝန်းကျင်က ဘူးသီးတောင် မြို့နယ်၊ ဂူတာပြင် ကျေးရွာနှင့် ကျောက်စာတိုင် ကျေးရွာအနီးတို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲက ပစ်ခတ်သော လက်နက်ကြီးကျည်များသည်  ကျောက်စာတိုင် (ခမီ) ကျေးရွာ အတွင်းသို့ ကျရောက်ခဲ့သဖြင့် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်ပြေးလာကြရသည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

"ဂူတာပြင်။ ကျောက်စာတိုင်ပတ်ဝန်းကျင်မှာ မကြာမကြာဖြစ်တယ်။ ဖြစ်နေတာလည်းကြာပြီ ရက်ပေါင်း ၁၀ လောက်ရှိပြီ ဖြစ်နေတာ။ မနေ့က မနက်တိုက်ပွဲထဲက လက်နက်ကြီးကျည်တွေ ကျတော့ ရွာလုံးကျွတ် ထွက်ပြေးလာရတယ်လို့တော့ သိရတယ်" ဟု ၎င်းက ပြောသည်။

ထွက်ပြေးရှောင်တိမ်းလာရသည့် ကျောက်စာတိုင် (ခမီ) ကျေးရွာသားများသည် ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီရွာသစ် (ခမီ) ရွာ၊ ဂန္ဓာရီဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြသည်ဟု သိရသည်။

"ဂန္ဓာရီကျောင်းမှာရောက်နေကြတယ်။ မနေ့ကစာရင်းပြုစုထားတာတော့ ၃၀၈ ယောက်ရှိတယ်။ စားရေး။ သောက်ရေးကတော့ အခက်အခဲရှိနေတယ်။ ကယ်ဆယ်ရေးလည်း ယာယီပိတ်ထားတော့ ဘာမှမရသေးဘူး။ အခုလောလောဆယ်တော့ ဂန္ဓာရီကျောင်းက ကူညီဆောင်ရွက်ပေးနေတယ်" ဟု အမည်မဖော်လိုသည့် ဂန္ဓာရီကျောင်း တိုက်စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။

ကျောက်စာတိုင် (ခမီ) ကျေးရွာတွင် အိမ်ခြေ ၆၄ အိမ်၊ ကျား ၁၆၀ ယောက်၊ မ ၁၄၈ ယောက်ရှိပြီး စုစုပေါင်းလူဦးရေ ၃၀၈ ဦးရှိကာ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များပါမကျန် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...