ရမ်းဗြဲတွင် စကစဗိုလ်ကြီးဟောင်းတစ်ဦးကို အေအေက ဖမ်းဆီးပြီးနောက် ဒေသခံ (၇) ဦးကို စစ်ကောင်စီဖမ်းဆီး

ရမ်းဗြဲတွင် စကစဗိုလ်ကြီးဟောင်းတစ်ဦးကို အေအေက ဖမ်းဆီးပြီးနောက် ဒေသခံ (၇) ဦးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်မှူးထမ်းဟောင်းဗိုလ်ကြီးတစ်ဦးကို အေအေက ဖမ်းဆီးပြီးနောက် ဒေသခံ (၇) ဦးကို စစ်ကောင်စီကဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရမ်းဗြဲမြို့၊ အမှတ် (၃) အင်းတောင်ရပ်ကွက်ရှိ ကိုကျာ်မင်းဟန်ဝက်ရှော့မှ ကိုကျော်မင်းဟန်အပါအဝင် (၄) ဦး နှင့် တခြားဒေသခံ (၃) ဦး ကို ခမရ (၃၀၈) တပ်ရင်းမှစစ်သား နှင့် ရဲတပ်သားများက ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

"အမှတ် (၃) အင်းတောင်ရပ်ကွက်မှာ အိမ်တွေကို ဝင်ရှာတယ်။ ပြီးတော့ ကိုကျော်မင်းဟန်ဝပ်ရှော့က သူအပါအဝင် ၄ ယောက်ဖမ်းသွားပါတယ်။ ပြီးတော့ ၃ ဘီးသမား ၂ ယောက် စုစုပေါင်း ၆ ယောက်ကိုဖမ်းသွားတာပါ။ ပြီးတော့ နောက်တစ်ယောက်ပါ အဖမ်းခံရတယ်။ စုစုပေါင်း ၇ယောက်အဖမ်းခံရတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဝပ်ရှော့ပိုင်ရှင် ဦးကျာ်မင်းဟန် (၃၈)၊ မောင်မျိုးအောင်ထက် (၁၉) နှစ်၊ ဦးသက်နိုင်ထွန်း (ခ) မောင်မောင် (၃၄) နှစ်၊ ဦးမျိုးမင်း (ခ) ဘာဘာကြီး (၃၄) နှစ်၊ ဦးကိုကိုအောင် (၃၆) နှစ်၊ သုံးဘီး မောင်းသူများဖြစ်သည့် ဦးစံလင်း (၅၈) နှစ်၊ ဦးထွန်းထွန်းအောင်နှင့် နောက်ထပ် အမည်မသိသူ တစ်ဦးတို့ ဖြစ်သည်။

"သူတို့လိုက်ဖမ်းနေတာက မြို့သူမြို့သားတွေ ကိုယ့်အလုပ် ကိုယ်လုပ်စားနေကြသူတွေပါ။ လက်ရှိအဖမ်းခံရတာ ၇ ယောက် လောက်တောင်ရှိပြီလို့ကြားပါတယ်။ အမှတ် (၃) ရပ်ကွက် တစ်ခုလုံးကို လိုက်စစ်လိုက်ဖမ်းနေတာမလို့အတိအကျလည်းပြောဖို့ခက်ပါတယ်"ဟု နောက် ထပ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိဖမ်းဆီးခံရသူအရေအတွက်အတိအကျနှင့်ပတ်သက်၍ နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

ယခုကဲ့သို့ ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်းမှာ ရမ်းဗြဲမြို့ အမှတ် (၅)၊ လောင်းချောင်းရပ်ကွက်နေ စကစဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို ရက္ခိုင့်တပ်တော် (AA) ကဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှုများနှင့် နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေခြင်းဟု နောက်ထပ် အင်းတောင်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

"စကစဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို အင်းတောင်က ဦးမောင်ကျော်အောင်ရဲ့ ဆေးဆိုင်မှာ ULA/AA  က ဖမ်းသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် မဆီမဆိုင် အခုလို ဒေသခံတွေကို ဝင်ဖမ်းနေတာလို့ သိရပါတယ်" ဟု ပြောသည်။

စကစဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို အေအေဖမ်းဆီးခြင်းဟုတ်မဟုတ်ကို ရက္ခိုင့်တပ်တော် ပြောခွင့် ရသူ ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်သည် ကျောက်ဖြူခရိုင်တွင်တည်ရှိပြီး လက်ရှိ ရက္ခိုင့်တပ်တော် ဝင်ရောက်လှုပ်ရှားမှုရှိနေသည့် မြို့နယ် တစ်ခုဖြစ်သော်လည်း တိုက်ပွဲများကြီးကြီးမားမား ဖြစ်ပွာခြင်း မရှိသေးကြောင်းသိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...