ကျောက်ဖြူဓာတ်အားပေးစက်ရုံသည် ရခိုင်ပြည်နယ်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဟု တရုတ်သံအမတ်ဆို၊ ရခိုင်အမတ်ဟောင်းဦးဖေသန်းက ၎င်းစကားမှာရခိုင်တွင် စီမံကိန်းလုပ်တိုင်းပြောနေကျဟုဝေဖန်

ကျောက်ဖြူဓာတ်အားပေးစက်ရုံသည် ရခိုင်ပြည်နယ်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဟု တရုတ်သံအမတ်ဆို၊ ရခိုင်အမတ်ဟောင်းဦးဖေသန်းက ၎င်းစကားမှာရခိုင်တွင် စီမံကိန်းလုပ်တိုင်းပြောနေကျဟုဝေဖန်

တရုတ်က ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ပိုမိုတိုးတက် အောင်မြင်မည်ဟုယုံကြည်ကြောင်း တရုတ်သံအမတ်ကြီးချန်းဟိုင်က ပြောဆိုသည်။

ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ၎င်းစကားမှာ ရခိုင်တွင် စီမံကိန်းတစ်ခုလုပ်တိုင်း ပြောနေကျစကားသာဖြစ်ပြီး ရခိုင်ပြည်၏ အရင်းအမြစ်များအားလုံးကို ပြည်မကသာ ယူဆောင်ပြီးသူတို့ အကျိုးစီးပွားအတွက်သာ အသုံးချနေသည်ဟု နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ခြင်းဖွင့်ပွဲ အခမ်းအနားတွင် အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်လည်း တက်ရောက်ခဲ့သည်။  

အခမ်းအနားဖွင့်ပွဲတွင် တရုတ်သံအမတ်ကြီး “ နှစ်နိုင်ငံအကြား လျှပ်စစ် စွမ်းအားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုရဲ့ အောင်မြင်တဲ့ စီမံကိန်းတစ်ခုအနေနဲ့ ကျောက်ဖြူဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သလို ကျောက်ဖြူက တရုတ်-မြန်မာ စီးပွားရေး စင်္ကြံရဲ့ အရေးပါတဲ့ နေရာဖြစ်လို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုတိုးတက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံရဲ့ အဓိက ကျောထောက်နောက်ခံပြုထားတဲ့ ကျောက်ဖြူမြို့နယ်က စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် အင်္ဂါနေ့မှာ စတင် လည်ပတ်ခဲ့ပြီး အခမ်းအနားကို တရုတ်သံအမတ်ကြီး ချန်းဟိုင်သည် စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအောင်ဇေယျကလည်း  စက်တပ်ဆင်အင်အားက ၁၅၉ မဂ္ဂါဝပ်ရှိပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့် ဓာတ်အားပေးစက်များကို တပ်ဆင် အသုံးပြုထားသဖြင့်  ရခိုင်ပြည်နယ်က ပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံဖြိုးစေနိုင်မည့် အရေးပါသောဓာတ်အားပေး စက်ရုံတစ်ခုဖြစ်သည်ဟု ပြောသည်။

ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဟု စီမံကိန်းတစ်ခုလုပ်တိုင်း ပြောနေကျစကားသာဖြစ်ပြီး ရခိုင်ပြည်၏ အရင်းအမြစ်တွေအားလုံးကို ပြည်မကသာ ယူဆောင်ပြီးသူတို့ အကျိုးစီးပွား အတွက်သာ အသုံးချနေသည်ဟု ပြောဆိုသည်။

“ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ကတော့ ပြောကြတာပဲ။ စီမံကိန်း တစ်ခုလုပ်တိုင်း၊ လုပ်တိုင်း ပြောကြတာပဲ။ ရခိုင်ပြည်ရဲ့ အရင်းအမြစ်တွေ အားလုံးကိုလည်း သူတို့ပြည်မကပဲယူတယ်။ အဲဒီအရင်းအမြစ်တွေကိုလည်း ပြန်မပေးဘူး ။ ဥပမာ- သဘာဝဓာတ်ငွေ့ ဂတ်စ်က ရတဲ့ပိုက်ဆံပဲ ကြည့်ပါအုံး။ ရခိုင်ပြည် တစ်ပြားမှရတာလည်းမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

၎င်းပြင် ယခုစက်ရုံမှာလည်း လျှပ်စစ်ဓာတ်အားနည်းနည်း အပေးပြပြီး ရခိုင်ပြည်သူကို ချွေးသိပ်ရန်သာဖြစ်ပြီး  သဘာ၀ဓာတ်ငွေ့ကရသည့် ဝင်ငွေများကိုမူ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် တစ်ပြားတစ်ချပ်မှ ခွဲဝေ ပေးခြင်းလည်း မရှိဟု သူက ဆိုသည်။

“ အဲဒီ စက်ရုံက ရခိုင်ပြည်ကို လျှပ်စစ်နည်းနည်းလောက်ပေးတယ်။ အဲဒီလို စက်ရုံတည်လို့ ဘယ်လို  ဖွံ့ဖြိုးတိုးတက်လာမှာလဲ။  သူတို့ဖက်က ဂတ်စ်ကရတဲ့ ဝင်ငွေက ဘယ်လောက်အထိ ဘတ်ဂျက် အနေနဲ့ချပေးမလဲ၊ အဲဒီအပေါ်မှာ ဘယ်လောက် ဖွံ့ဖြိုးမလဲဆိုတာမူတည်ပါတယ်။ ခေတ်အဆက်ဆက် ကတော့ခါ အဲလိုပြောပြီးတော့ တစ်ခါမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာတာမတွေ့ဘူး။ အဲဒါကတော့ အပြောပဲရှိတယ်။ လက်တွေ့စီမံကိန်းလုပ်မယ်ဆိုရင်တော့ စနစ်တကျ အကောင်အထည် ဖော်သင့်တယ်ပေါ့” ဟု ပြောဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဂတ်စ်များကို နှစ်စဉ် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချ နေသော်လည်း ဒေသခံများမှာ ၎င်းမှ ရရှိသည့် အကျိုးအမြတ်ကို တစ်စုံတစ်ရာ မခံစားရသည့်အပြင် ဒေသခံများမှာ ပို၍ လယ်မြေများဆုံးရှုံးကာ ဆင်းရဲတွင်းနက်နေကြရသည်ဟု ၎င်းက ပြောကြားသည်။

 

တရုတ်က ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံစီမံကိန်းကို  ကျောက်ဖြူမြို့နယ် ကံ့ကော်တော ဘုရားအနီးက စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်ကုမ္ပဏီ Power China Resource (SINOHYDRO) နှင့် မြန်မာနိုင်ငံသားပိုင် Supreme Group တို့ ဖက်စပ်တည်ထောင်ထားကာ ကျောက်ဖြူ လျှပ်စစ်စွမ်းအားကုမ္ပဏီက ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု သိရသည်။

IPP/BOT စနစ်နဲ့ တည်ဆောက်နေသည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို ရွှေဓာတ်ငွေ့တွင်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ ဓာတ်အား ထုတ်လုပ်မှာဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အတွက် အရေးပါသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။.

သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း၏ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုက ယူနစ် ၁,၀၀၅ သန်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား (၁) ယူနစ်ကို ၈.၅၉ ဆင့်နှုန်းဖြင့် ဖြန့်ချိနိုင်မည်ဟုလည်း သိရသည်။

မူလစီမံကိန်းစတင်ချိန်က ကန်ဒေါ်လာသန်း ၁၅၀ အသုံးပြုဖို့ စီစဉ်ခဲ့ကြပြီး စီမံကိန်းပြီးစီးပါက ရခိုင်ပြည်နယ်၏  လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်ထဲလည်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ MOEE က ပြောဆိုထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...