ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် ကျောက်ဖြူမြို့တို့မှ ဒေသခံအရပ်သား အနည်းဆုံး ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ်တွင် ၄ ဦးနှင့် ကျောက်ဖြူမြို့မှ တစ်ဦးတို့ ဖြစ်ကြသည်။
တောင်ကုတ်မြို့နယ်က ဖမ်းဆီးခံရသူ ၄ ယောက်မှာ မိုးထိတိုက်နယ်၊ မှန်နီကျေးရွာမှ ရာအိမ်မှူး ဦးကိုကြီး (၃၆) နှစ်၊ ရွာသားများဖြစ်ကြည့် ဦးဇော်ဌေး (၅၂) နှစ်နှင့် ဦးခင်လှ (၅၂နှစ်)၊ ကြိုးကြာကွင်း ကျေးရွာမှ ဦးဝင်းနိုင် (၄၀နှစ်) တို့ဖြစ်ကြသည်။
ဖမ်းဆီးခံရသူများအထဲမှ ရာအိမ်မှူးဖြစ်သူ ဦးကိုကြီးနှင့် အရပ်သားဖြစ်သူ ဦးဇော်ဌေးတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခန့်တွင် တောင်ကုတ်မြို့သို့ စျေးဝယ်လာစဉ် တောင်ကုတ်မြို့မ ဘုရားကိုးဆူ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က စစ်ဆေးဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
"သူတို့နှစ်ယောက်က မြို့ထက်ကို စျေးသွားဝယ်တာလို့တော့ ပြောကြတယ်။ အဲ့ဒါ မြို့ကအပြန် တောင်ကုတ်မြို့မတိုက်နယ်နားက ဘုရားကိုးဆူစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရင်း ဖမ်းသွားတာ။ စစ်ဆေးရင်း ဘာကြောင့်ဖမ်းသွားတာလဲတော့မသိရဘူး " ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ မှန်နီကျေးရွာမှ ဦးခင်လှကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့၊ ည ၇ နာရီခွဲခန့်တွင် စစ်တပ်က နေအိမ်သို့ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ကြိုးကြာကွင်းကျေးရွာမှ ဦးဝင်းနိုင်ကိုလည်း ယင်းနေ့ ည ၁၁ နာရီခန့်တွင် စစ်တပ်ကနေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်ည ၇ နာရီကျော် အချိန်ခန့်၌ အရာရှိရပ်ကွက်တွင် နေထိုင်သူ အသက် (၃၀) နှစ်ရှိ Gym ရုံမှ ကိုယ်ကာယ နည်းပြဆရာတစ်ဦးဖြစ်သူ ကိုတင်ထွန်းကို စစ်တပ်က ဖမ်းဆီးသွားခဲ့သည်ဟုလည်း သိရသည်။
ကိုတင်ထွန်းသည် ယင်းနေ့က ကုလားဘာတောင်ရပ်ကက်ရှိ Gym ရုံမှ သူ့နေအိမ်သို့အပြန်တွင် စစ်တပ်က ဖမ်းဆီးခြင်းခံလိုက်ရသည်ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။
"သူ့ကိုတော့ မမြင်ဖူးဘူး။ ကုလားဘာတောင်ရပ်ကွက်မှာ Gym ရုံဆောက်ပြီး နည်းပြဆရာ လုပ်နေတာလို့တော့ကြားတယ်။ ည ၇ နာရီခွဲလောက်ကျ အိမ်အပြန်မှာ ဖမ်းခံရတာလို့ကြားသိရတယ်။ ဘာကိစ္စနဲ့ဖမ်းသွားလဲတော့ မသိဘူး။ ည ၉ နာရီလောက်မှာ ဖုန်းဆက်လာပြောလို့သိရတာပါ" ဟု အရာရှိရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
ဖမ်းဆီးခြင်းမခံရမီ ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်၊ ၇ ရက်နေ့ကလည်း အရာရှိရပ်ကွက်ရှိ ကိုတင်ထွန်းနေအိမ်ကိုလည်း စစ်တပ်က ညအချိန်စစ်တပ်ကဝင်ရောက်ရှာဖွေမှုများလည်း ပြုလုပ်ခဲ့ သည်။
ရခိုင်တွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရခိုင်မှ အရပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက်ဆိုသလို ရှိနေပြီး လက်ရှိအချိန်တွင် အရပ်သား ရာနှင့်ချီ ဖမ်းဆီးခံနေရကာ တချို့မှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။







