မင်းပြား-မြေပုံ ကားလမ်းကို စစ်ကောင်စီကတစ်ပတ်ကျော်ကြာသည်အထိ ပိတ်ထား၍ ရွာပေါင်း ၁ဝ ကျော်မှ သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲကြုံနေရ

မင်းပြား-မြေပုံ ကားလမ်းကို စစ်ကောင်စီကတစ်ပတ်ကျော်ကြာသည်အထိ ပိတ်ထား၍ ရွာပေါင်း ၁ဝ ကျော်မှ သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲကြုံနေရ

ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီသည် မင်းပြား-မြေပုံကားလမ်းကိုလည်း တစ်ပတ်ကျော်ကြာသည် အထိ သွားလာခွင့်ပိတ်ပင်ထား၍ အဆိုပါလမ်းတွင်ရှိသည့် ကျေးရွာပေါင်း ၁ဝ ကျော်မှ ဒေသခံများမှာ သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် အဆိုပါကားလမ်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်မှစတင်ကာ သွားလာခွင့်ပိတ်ပင်ထားလိုက်ပြီး ကားလမ်းတစ်လျှောက်နှင့် မင်းပြားမြို့အထွက် ကြပ်စင်တံတားပေါ်တွင်လည်း စစ်ကောင်စီတပ်သားများက စခန်းချနေရာထားမှုများရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ကားလမ်းကိုပိတ်ပင်ထားသည့်အတွက် မင်းပြား-မြေပုံကားလမ်းတစ်လျှောက်ရှိ မင်းပြားမြို့နယ် ကြပ်စင်ကျွန်းအုပ်စုရှိ ကျေးရွာများမှ မင်းပြားမြို့သို့ စျေးဝယ်ထွက်ရာတွင် ခက်ခက်ခဲခဲသွားလာနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အရင်ကလို တဖြောင့်တည်းအလွယ်သွားလို့မရတော့ဘူး။ အခြားရွာတွေကိုဖြတ်ပြီး ပတ်ပြီးတော့ စက်လှေတွေနဲ့သွားနေရတယ်။ တချို့တွေဆိုရင် သစ်ပုတ်တောင်ဘက်ကနေ ပတ်ပြီးသွားကြတာလည်း ရှိသေးတယ်။ ခရီးဝေးသွားတယ်လေ ခရီးတိုတိုလေးနဲ့ရောက်မှာကို အဝေးကြီးသွားနေရတယ်။ မြို့ကိုသွားကြတဲ့သူတွေတော့ အရင်ကထက်နည်းသွားတယ်၊ အရေးတကြီးအလိုရှိမှဘဲ သွားကြတော့တယ်။ ကူးတို့ကနှစ်တန်သုံးတန်ဖြစ်သွားတော့ စရိတ်စကအရမ်းများသွားပါတယ်။ အရင်ကဆို ကားလမ်းနဲ့သွားရင် သုံးဘီးနဲ့သွားသွား ဘာနဲ့သွားသွား ၁၀၀၀ ကျော်လောက်ပဲကုန်ပါတယ်" ဟုပြောသည်။

အဆိုပါကြပ်စင်တံတားနှင့် မြေပုံကားလမ်းတစ်လျှောက်တွင် ကျားပိုက်ကေ၊ သက္ကင်္နက်၊ ရွှေချောင်း၊ သစ်ပုတ်တောင်၊ သရေပြင်၊ ဖလောင်းပြင်၊ မန်စီ၊ ကန်သာ၊ တောင်ရှည်ပြင်၊ ခမောင်းတောနှင့် ဝက်ခေါင်းအစရှိသည့် ကျေးရွာအများအပြားရှိသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာများသည် စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်များ၊ ဟင်းသီးဟင်းရွက်များ ရောင်းချရန်အတွက်လည်း မင်းပြားမြို့ကို အဓိကအားထားနေရခြင်းဖြစ်ပြီး ယင်းလမ်းကို အမြန်ဆုံးဖွင့်ပေးစေကြောင်းလည်း ဒေသခံများက ပြောသည်။

မင်းပြားမြို့ခံတစ်ဦးက "အရင်အတိုင်းဖြတ်သွားခွင့်မရှိသေးပါဘူး။ အဲဒီတံတားနားကပိတ်ထားတော့ နယ်ကလူတွေက ကုန်းတစ်တန်၊ ရေတစ်တန်အဆင့်ဆင့်ဖြတ်ပြီးလာကြရတယ်။ ကျန်းမာရေးကြောင့် အရေးတကြီးလာတဲ့သူတွေလည်း အချိန်ကြန့်ကြာတယ်။ မြေပုံနယ်က စျေးလာဝယ်တဲ့သူတွေရှိတယ် အရင်ကဆိုရင် အခုတော့ ခက်ခက်ခဲခဲလာကြရလို့ လာသူတွေနည်းတယ်။ အားလုံးသူကတော့ အမြန်ဖွင့်ပေးစေချင်နေကြတယ်" ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်း မင်းပြားမြို့ ကြပ်စင်တံတားပေါ်တွင် စစ်ကောင်စီတပ်များကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ကာ နောက်ထပ် ဒဏ်ရာရသူအချို့လည်းရှိခဲ့ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်ကလည်း မင်းပြားမြို့သို့ တက်လာသည့် စစ်ကောင်စီ ရေတပ် ဇက်ရေယာဉ် နေဗီနှစ်စီးကို AA က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်တွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

မင်းပြားအခြေစိုက် စစ်ကောင်စီတပ်များက စက်တင်ဘာလ ၂၇ ရက်တွင် လက်နက်ကြီးများပစ်ခတ်၍ လူနေကျေးရွာများဖြစ်သည့် ခေါင်းလောင်းချောင်းနှင့်စက္ကရေတို့တွင် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုများနှင့် နေအိမ်အဆောက်အအုံပျက်စီးမှုများရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်သည် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ပိတ်ပင်ထားသည်မှာလည်း သုံးလကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး အငူမော်-မောင်တောကားလမ်းကို ပိတ်ပင်ထားသည်မှာလည်း နှစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရေး လမ်းကြောင်းအချို့ကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားသည့်အပြင် စားနပ်ရိက္ခာသယ်ဆောင်မှု၊ ဆေးဝါးသယ်ဆောင်မှု၊ အိမ်ဆောက်ပစ္စည်းများ သယ်ဆောင်မှုတို့ကိုလည်း တင်းကျပ်စွာစစ်ဆေးလျက်ရှိကာ ပိတ်ပင်မှုအချို့လည်းပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ကဲ့ ရခိုင်ပြည်သူများအား အဖက်ဖက်မှပိတ်ပင်တားဆီးနေခြင်းသည် စစ်ကောင်စီမှ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားနေသူများက ဝေဖန်ပြောဆိုမှုများရှိသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...