ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်မျိုးဇော်ကို ရက္ခိုင့်တပ်တော် (AA) ကို ထောက်ပံ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီ၏အမှုဖွင့်ခြင်းမှာ မတရားချောက်တွန်းခံရခြင်းသာဖြစ်ကြောင်း ပညာရေးမှူးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ ဆရာကြီးက အေအေအတွက်ဆိုပြီး သီးသန့် ပိုက်ဆံကောက်တာ မတွေ့ဖူးပါဘူး။ ဒီမှာက လကုန်ရင်လူတိုင်းက အမျိုးသားရန်ပုံငွေထည့်တာ။ ဝန်ထမ်းတွေလည်းထည့်ကြတာပဲ။ ဒါက အမျိုးသားရေး ကိစ္စဆိုပြီး ကိုယ့်သဘောနဲ့ကိုယ်ထည့်တာ။ ဆရာကြီးက သက်သက် ချောက်တွန်းခံရတာပဲ။ အေအေကို ငွေထည့်လို့ဖမ်းကြေးဆိုရင် ရခိုင်တပြည်လုံးကိုဖမ်းရမယ်။ အကုန်လုံးက အမျိုးသားရန်ပုံငွေထည့်နေကြတာ။ ဆရာကြီးက မတရားချောက်တွန်းခံတာရပဲ''ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ရန်ပုံငွေထည့်ခြင်းမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နားလည်မှုဖြင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေး ယူထားသည့် အချိန်ကတည်းက ထည့်ကြခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကလည်း ၎င်းအချိန်က ရက္ခိုင့်တပ်တော်ကို ကိုဗစ်ကာကွယ်ဆေးများ ထောက်ပံ့ ပေးခဲ့ကြောင်း သူက ပြောကြားသည်။
“ အဲဒီအချိန်က လက်ရှိနိုင်ငံတော်အစိုးရကလည်း အေအေကို ကိုဗစ်ကာကွယ်ဆေးတွေ ထောက်ပံ့ပေးခဲ့တာဘဲ။ အဲသလို အေအေကို ထောက်ပံ့လို့ အရေးယူစတမ်းဆိုရင် နိုင်ငံတော်က တာဝန်ရှိသူတွေကိုလည်း တရားစွဲဆိုသင့်တယ်။ ကျောင်းဆရာတွေမှာ လက်နက်မရှိဘူးဆိုပြီး အနိုင်ကျင့်တာမျိုးတော့ မပြုလုပ်သင့်ဘူးလို့ မြင်ပါတယ်။ မျှမျှတတဖြစ်သင့်ပါတယ်။ တရားဝင် သတိပေးမှုတွေ အရင်ပြုလုပ်သင့်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
မင်းပြားမြို့နယ် ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူး အသက် ၄၂ နှစ်အရွယ် ဦးတင်မျိုးဇော် (ခ) ပွကြီးကို မြို့နယ်ပညာရေးမှူးရုံးတွင် လကုန်ရက်များ၌ AA အတွက် ငွေကြေးများ ထည့်ဝင်ထောက်ပံ့ပေးရန် နှိုးဆော်မှုများလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခံထားရသည်ဟု ပညာရေး အသိုင်းအဝိုင်းက လာသော သတင်းများအရသိရသည်။
ဦးတင်မျိုးဇော်ကို ပြည်နယ်ပညာရေးမှူးရုံးက စစ်တွေသို့ လာရောက်ရန် ခေါ်ယူခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်တွင် စစ်တွေမြို့သို့ အရောက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင် ယခုနောက်ပိုင်း AA ကို ထောက်ပံ့သည်ဆိုသည့်သံသယဖြင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် အရပ်သားများနှင့် လုပ်ငန်းရှင်များကိုလည်း စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်လှစ်မှုများရှိနေသည်ဟု သိရသည်။







