အမ်းတလိုင်းတောင်ရွာမှ စစ်တပ်ကရိုက်နှက်ဖမ်းဆီးထားသူမှာ ခရစ်ယာန်သိက္ခာတော်ရ ဆရာတစ်ဦးဖြစ်ပြီး သူ့ကို လက်ရှိစစ်ကြောင်းနှင့်အတူခေါ်ယူသွားဟုဆို

အမ်းတလိုင်းတောင်ရွာမှ စစ်တပ်ကရိုက်နှက်ဖမ်းဆီးထားသူမှာ ခရစ်ယာန်သိက္ခာတော်ရ ဆရာတစ်ဦးဖြစ်ပြီး သူ့ကို လက်ရှိစစ်ကြောင်းနှင့်အတူခေါ်ယူသွားဟုဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာမှ စစ်တပ်က ရိုက်နှက် ဖမ်းဆီးနှိပ်စက်ခံထားရသူ ဦးအောင်ဆန်းမှာ အရပ်ဆေးဆရာတစ်ဦးသာမက ခရစ်ယာန် သိက္ခာတော်ရဆရာတစ်ဦးလည်းဖြစ်ကြောင်း၊ လက်ရှိသူ့ကို စစ်ကောင်စီ စစ်ကြောင်းတစ်ခုက အတူခေါ်ယူသွားကြောင်း အသင်း တာဝန်ရှိသူများက နိရဉ္စရာသတင်းဌာနသို့ပြောဆိုသည်။

၎င်းသူမှာ တလိုင်းတောင်ကျေးရွာနေ သုခမြန်မာအသင်းတော်မှ သိက္ခာတော်ရ ခရစ်ယာန်ဆရာတစ်ဦးဖြစ်သလို အရပ်ဆေးဆရာတစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

သူ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် နေအိမ်ကို ဝင်ရောက် ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ကာ ညနေ ၆ နာရီကျော်၌ ရွာမှ အဆိုပါစစ်ကြောင်းထွက်ခွာချိန်တွင် အတူခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကြောင်းနှင့်အတူဖမ်းဆီးခေါ်ဆောင်ခံရသည့် ဦးအောင်ဆန်းသည် ယနေ့ အောက်တိုဘာလ ၈ ရက်အထိ ပြန်လွတ်လာခြင်းမရှိ၍ မိသားစုဝင်များနှင့် ဒေသခံများ အထူးစိုးရိမ်နေရကြောင်း တလိုင်းတောင်မှ ရပ်ဖိရပ်ဖတစ်ဦးက ပြောသည်။

" သူတို့ဖမ်းသွားတဲ့ ဦးအောင်ဆန်းကိုက သူတို့နဲ့အတူခေါ်သွားပါတယ်။ စစ်သားတွေက မနေ့က ည ၆ နာရီ ၁၅ လောက်ကနေရွာက ထွက်သွားပါပြီ။ အခုထိ ဘယ်လိုမှဆက်သွယ်လို့လည်းမရ၊ မိသားစုတွေလည်း တွေ့လို့မရတော့ သူ့အခြေအနေကို မသိရပါဘူး"ဟု ပြောသည်။

စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားသူ ဦးအောင်ဆန်းကို လူမြင်ကွင်းတွင် ရိုက်နက် နှိပ်စက်ပြီး ရရှိထားသည့် ဒဏ်ရာများဖြင့်  စိုးရိမ်ရသည့် အနေအထားဖြစ်နေကြောင်း၊ အသက် (၇၅) နှစ် အရွယ် မိခင်မှာလည်း သားစိတ်နှင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ဦးအောင်ဆန်း၏ ညီဖြစ်သူဦးအောင်ငြိမ်းက ပြောသည်။

"ဦးအောင်ဆန်းက သူ့အိမ်မှာသူနေတာပါ။ အဲ့ဒါကို ဖမ်းယူပြီး သေနတ်တွေနဲ့ထု၊ ပြီးတော့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့မှာ အများကြီး ထုရိုက်ပါတယ်။ အဲ့လိုရိုက်ပြီး လက်နှစ်ဘက်ကိုကြိုးချည်ပြီး ခြေဖျား မမှီတမှီတွဲထားပါတယ်။ မနေ့က မနက် ၁၁ နာရီလောက်မှာ တလိုင်းတောင်ချောင်းတံတားဦးကို ခေါ်ထုတ်လာပြီး တလိုင်းတောင်အထက်ရွာ၊ အောက်ရွာ၊ ရွာသစ် သုံးရွာလုံးမြင်ရအောင်ဆိုပြီး နောက်ပြန်ကြိုးတုတ်ပြီး မကြည့်နိုင်အောင် ရိုက်ပါတယ်။ နောက်ပိုင်း သူတို့ဖမ်းချုပ်ထားပြီး မနေ့က သူတို့စစ်ကြောင်းထွက်တော့ ဆွဲခေါ်သွားပါတယ်။ လက်ရှိ စိုးရိမ်ရတာက (၇၅) နှစ်အမေအိုပါ။ သားစိတ်နဲ့ ငိုပဲငိုယိုနေပါတယ်"ဟု ပြောသည်။

ဦးအောင်ဆန်းမှာ ဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သလို နိုင်ငံရေးနှင့်လည်း ပတ်သက်မှုမရှိ၍ ယခုကဲ့သို့ နိုင်ထက်စီးနင်းလုပ်ရပ်ကိုမလိုလားဘဲ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၎င်းက တောင်းဆိုသည်။

"နိုင်ငံရေးနဲ့လည်းမပတ်သတ်ဘဲ သူက ပါစတာပါ။ ဓမ္မအမှုတော်ဆောင် တစ်ယောက်ဖြစ်လို့ ဒီလိုလူတစ်ယောက်ကိုတော့ အခုလိုနိုင်ထက် စီးနင်းလုပ်တာကိုတော့ မလိုလားပါဘူး။ ကျေးလက်အတိုင်းအတာနဲ့လည်း ဆေးကုပါတယ်"ဟု ပြောသည်။

ရခိုင်တွင် စစ်ရေးတင်းမာလာသည်နှင့်အမျှ မြို့နယ်အနှံ့အပြားတွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယရှိသူများကို ဆက်တိုက်ရှာဖွေ ဖမ်းဆီးခြင်းများပြုလုပ်နေပြီး အပြစ်မဲ့ ဒေသခံအရပ်သားများကိုလည်း ဖမ်းဆီးမှုများရှိလာနေသည်ဟု ဒေသခံများက ပြောသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...