ဘူးသီးတောင် နခခ(၈)က ၃ ရက်ကြာလက်နက်ငယ်များလေ့ကျင့်ပစ်ခတ်နေ၍ အနီးအနားရှိ ကျေးရွာပေါင်း ၃ဝ ခန့်ကို သွားလာခွင့်တားမြစ်

ဘူးသီးတောင် နခခ(၈)က ၃ ရက်ကြာလက်နက်ငယ်များလေ့ကျင့်ပစ်ခတ်နေ၍ အနီးအနားရှိ ကျေးရွာပေါင်း ၃ဝ ခန့်ကို သွားလာခွင့်တားမြစ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၈)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၈)တွင် ယနေ့နံနက်မှစတင်ကာ ၃ ရက်ကြာ လက်နက်ငယ်များ လေ့ကျင့်ပစ်ခတ်နေသဖြင့် အနီးအနားရှိ ကျေးရွာပေါင်း ၃ဝ ခန့်ကို သွားလာခွင့်တားမြစ်ထားကြောင်း သတင်းရရှိသည်။

၎င်းလက်နက်ငယ် လေ့ကျင့်ပစ်ခတ်မှုကို ယနေ့ အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းသို့ပစ်ခတ်နေစဉ်အတွင်း  နခခ (၈)နှင့် မီတာ ၈ဝဝ ခန့်အကွာ အနီးပတ်ဝန်းကျင်တွင် တည်ရှိသည့် ကျေးရွာ ၃၀ ခန့်မှ ပြည်သူများကို အသွားအလာ ကန့်သတ်ပိတ်ပင်လိုက်သည်ဟု ဒေသခံများက ပြောကြားသည်။

ထိုကဲ့သို့ ကန့်သတ်ပိတ်ပင်ခြင်းကို  ယမန်နေ့ အောက်တိုဘာ ၁ဝ ရက်က နခခ(၈)တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူး ကျော်သူရက လက်မှတ်ရေးထိုးကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံပေးပို့ ခဲ့သည်ဟု ဆိုသည်။

ပေးပို့သည့် အကြောင်းကြားစာတွင် ဒေသခံ ပြည်သူများ တောင်ပေါ်သို့ သစ်/ဝါး/ထင်း တက်ရောက်ခုတ်ယူခြင်း၊ ဖားရှာ၊ ငါးရှာ၊ ဟင်းစားရှာခြင်း၊ ကျွဲ/နွား/ဆိတ်များအား စားကျက်သို့ ထိန်းကျောင်းခြင်း၊ တောင်ယာ/လယ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ)မပြုကြရန်ဟု ပါရှိကြောင်း သိရသည်။

နခခ (၈)အနီးရှိ ကျေးရွာပေါင်း ၂၈ ရွာခန့်သည် အဓိကအားဖြင့် ချောင်းနှင့် တောတောင်များကို မှီခိုလုပ်ကိုင်စားသောက်နေကြရသည်ဖြစ်ရာ ယခုကဲ့သို့ ၃ ရက်ကြာ သွားလာခွင့်တားမြစ်ထား၍ ဝမ်းစာရှာဖွေရခက်ခဲနေကြသလို စားသောက်ရေးအခက်ကြုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

နခခ(၈)အနီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “အဲလိုတားမြစ်ထားတဲ့အတွက် ကျနော်တို့ဒေသခံတွေအတွက် သွားရေးလာရေးခက်ခဲပြီး စားဝတ်နေရေးအတွက်ပါ အခက်အခဲဖြစ်နေပါတယ်။ ဘာလို့ဆို ကျနော်တို့အုပ်စုအတွင်းမှာရှိတဲ့ အဲဒီနခခ(၈)ပတ်ဝန်းကျင်မှာရှိတဲ့ကျနော်တို့မှာ ချောင်းနဲ့တောင်ကိုမှီခိုလို့စားရတာပါ။ လယ်ယာမြေဧရိယာတွေလည်း နည်းပါးတယ်။ ရွာသားတွေကလည်း ဆင်းရဲမှုရှိကြတယ်။ နဂိုကနေ ရွာသားတွေမှာ ကျပ်တည်းကြတော့ အခုလိုတားမြစ်လိုက်လို့ အခက်အခဲတွေနဲ့ကြံုနေရပါတယ်”ဟု ပြောသည်။

နခခ (၈)အနီးတွင် အလယ်ချောင်း၊ သဘောက်ချောင်း၊ ကင်းချောင်း၊ အာကာပျံ၊ လက်ပံကိုင်း၊ သပိတ်တောင်စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၂၈ ရွာခန့်ရှိသည်ဟု ဒေသခံများက ပြောသည်။

နခခ (၈)တွင် ယခုကဲ့သို့ လက်နက်ငယ်များပစ်ခတ်လေ့ကျင့်မှုသည် ယခင်က မရှိခဲ့ဖူးဟုလည်း ဒေသခံများက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...