ရက္ခိုင့်တပ်တော် (AA) အာလဖာ (၃) စစ်ဒေသမှ ယောကာကွယ်ရေးတပ် (Yaw Defense Force/YDF) ၏ ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုးကျဆုံးခြင်း အတွက် အောက်တိုဘာ ၁၀ ရက်နေ့က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု သတင်းရရှိသည်။
ပေးပို့သည့် သဝဏ်လွှာထဲတွင် Yaw Defense Force (YDF) ၏ ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုး (၂၁-နှစ်) သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နေ့လယ် (၂) နာရီခန့်အချိန်တွင် တော်လှန်ရေးနယ်မြေ တစ်နေရာ၌ စစ်ကောင်စီတပ်၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် အသက်စွန့်လွှတ် သွားခဲ့ရကြောင်း ကြားသိရ၍ မိမိတို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် YDF အဖွဲ့အစည်းအပါအဝင် ကျန်ရစ်သူ မိသားစုများ၊ တော်လှန်ရေးလုပ်ဖော်ကိုင်ဘက်များ၊ ပြည်သူလူထုများနှင့်အတူ ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြထားသည်။
Yaw Defense Force (YDF) ၏ ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုး (၂၁-နှစ်) သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နေ့လယ် (၂) နာရီခန့် အချိန်တွင် တော်လှန်ရေးနယ်မြေတစ်နေရာ၌ စစ်ကောင်စီတပ်၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် အသက်စွန့်လွှတ်သွားခဲ့ရကြောင်း ကြားသိရ၍ မိမိတို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် YDF အဖွဲ့အစည်း အပါအဝင် ကျန်ရစ်သူ မိသားစုများ၊ တော်လှန်ရေးလုပ်ဖော်ကိုင်ဘက်များ၊ ပြည်သူလူထုများနှင့်အတူ ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်းကြေကွဲ ရပါသည်။
သူသည် YDF ကို စတင်တည်ထောင်ခဲ့ကြသည့် ထိပ်ပိုင်းခေါင်းဆောင်များ အထဲမှ တစ်ဦးဖြစ်သည့် အပြင် အရည်အချင်းပြည့်ဝပြီး ပေးဆပ်စွန့်လွှတ် အနစ်နာခံကာ ရှေ့ဆုံးမှ ဦးဆောင်တိုက်ပွဲဝင်ခဲ့သော နွေဦး တော်လှန်ရေးထဲမှ ပေါက်ဖွားလာသည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း၊ တိုက်ပွဲအချို့ကို ဦးဆောင်တိုက်ပွဲ ဝင်နိုင်ခဲ့ပြီး တိုက်ရည်ခိုက်ရည်ကောင်းသော မှတ်တမ်းများ ရရှိထားခဲ့သူဖြစ်ကြောင်း၊ ရဲဘော်ရဲဘက်များ၏ ချစ်ခင်လေးစား တန်ဖိုးထားမှုကို ခံခဲ့ရသူတစ်ဦးဖြစ်သည့်အပြင် သူ့ရဲဘော်ရဲဘက်များအတွက် စံနမူနာယူထိုက်သော စံပြ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းအပြင် သူ၏နေထိုင်ရာအရပ်ဒေသများ၌ စာသင်ကျောင်းများဖွင့်လှစ်ခြင်း၊ စစ်ကောင်စီ ပိတ်ထားသည့် စာသင်ကျောင်းများအား ကိုယ်တိုင်ဦးဆောင်၍ ပြန်လည်ဖွင့်လှစ်ပေးခြင်းများ အပါအဝင် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်ခဲ့သည်များကို တွေ့ရသောကြောင့် ပြည်သူလူထုအတွက် ပေးဆပ် အနစ်နာခံလို စိတ်အပြည့်အဝ ရှိသော ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သတ်မှတ် ခံရသူတစ်ဦးလည်းဖြစ်သည်ဟု ဖော်ပြထားသည်။
ဤကဲ့သို့ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်သို့ မရောက်မီလမ်းခုလပ်၌ ဒု-စစ်ဦးစီးချုပ်ဖြိုးဝေစိုးအား ဆုံးရှုံးလိုက်ရခြင်းသည် YDF အတွက် တန်ဖိုးကြီးမားလှသော အစားထိုးမရသည့် ဆုံးရှုံးမှုကြီး တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ YDF နှင့် မိမိတို့အကြား မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရာတွင် အခရာကျသူတစ်ဦးဖြစ်ခဲ့ပြီး အရေးကြီးသော ကိစ္စရပ်များကိုဆောင်ရွက်ရာတွင်လည်း တာဝန်ကျေပွန်ခဲ့သူ တစ်ဦးဖြစ်ကြောင်းရေးသားထားသည်။

မိမိတို့အနေဖြင့် ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုး၏ သူရဲကောင်းပီသစွာ ပြည်သူလူထုအပေါ် ပေးဆပ် စွန့်လွှတ်အနစ်နာခံမှုများကို အထူးလေးစား တန်ဖိုးထားလျက် ကောင်းမွန်ရာ ဘုံဘဝကို ရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟု ဖော်ပြထားသည်။







