ပလက်ဝတွင် စစ်တပ်ကဖမ်းဆီးသွားသည့် အလယ်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် အလယ်တန်းပြဆရာတစ်ဦးတို့ မိသားစုနှင့်အဆက်အသွယ်မရ၍ စိုးရိမ်စရာဖြစ်နေ

ပလက်ဝတွင် စစ်တပ်ကဖမ်းဆီးသွားသည့် အလယ်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် အလယ်တန်းပြဆရာတစ်ဦးတို့ မိသားစုနှင့်အဆက်အသွယ်မရ၍ စိုးရိမ်စရာဖြစ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အလယ်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် အလယ်တန်းပြဆရာတစ်ဦးတို့ အဆက်အသွယ်မရဘဲ ဖြစ်နေသဖြင့် စိုးရိမ်စရာဖြစ်နေသည်ဟု မိသားစုများက ပြောသည်။  

အောက်တိုဘာလ ၇ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင် ပလက်ဝမြို့ပေါ်ရှိ ၎င်း၏နေအိမ်မှ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် နှမဒါကျေးရွာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်တင်၊ အသက်(၄၀ခန့်)မှာ ယနေ့ထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဖြစ်နေသည်ဟု မိသားစုများက ပြောသည်။

ယနေ့အောက်တိုဘာလ ၁၁ ရက်အထိ သတင်းအစအနတစ်စုံတစ်ရာမရဘဲ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

" ပလက်ဝမြို့က သူ့အိမ်ကနေခေါ်သွားတာပါ။ ဘာအကြောင်းကြောင့်နဲ့ ခေါ်သွားမှန်းလည်းမသိရဘူး။ ၂၈၉ တပ်ရင်းကိုခေါ်သွားတာပဲ ဖြစ်မယ်လေ။ သွားကြည့်လို့လည်းမရတော့ ဘာမှမသိရဘူး။ ဘာသတင်းမှလည်း မထူးသေးဘူး။ တချို့ပြောကြတာကတော့ ပညာရေးဝန်ထမ်းတွေကို ကိစ္စတစ်ခုခုနဲ့စစ်တပ်ကခေါ်သွားရင် သုံးရက်မြောက်ရှိရင် အကြောင်း ကြားရမယ်လို့ ပြောတယ်။  ဘယ်လိုကြောင့် ခေါ်သွားလဲဆိုတာ ပြောပြရမယ်လို့ ပြောတယ်။ ဒါပေမယ့်အခုတော့ဘာမှလည်း မသိရသေးဘူး" ဟုပြောသည်။

အလယ်တန်းကျောင်းအုပ်ကြီးတစ်ဦးကို ပြီးခဲ့သည့်အောက်တိုဘာလ ၇ ရက်နေ့က ပလက်ဝအခြေစိုက် ၂၈၉တပ်ရင်းမှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းအစအန မရဖြစ်နေကြောင်း သိရသည်။

အလားတူ ပလက်ဝမြို့နယ် နှမဒါကျေးရွာ အလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာတစ်ဦးဖြစ်သူ ဦးမောင်ဝင်းသန်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်၊ နံနက် ၉ နာရီခန့်က ကျောက်တော်မှ ပလက်ဝမြို့သို့ အပြန် ပလက်ဝအခြေစိုက်တပ်ရင်း (၂၈၉)အနီးရှိ လောင်းစုတံတားတွင် စစ်ကောင်စီ တပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယနေ့အချိန်အထိ အဆက်အသွယ် မရဖြစ်နေကြောင်း သူ၏မိသားစုဝင် တစ်ဦးက ပြောသည်။

"အခုထိလည်းဘာသတင်းမှ မကြားရသေးပါဘူး။ ဒိနေ့မနက်က သူ့အဒေါ် ၂၈၉ ကိုသွားမလို့ လုပ်တာလည်း သွားခွင့်မရလို့ပြန်လှည့်လာရပါတယ်။ အရပ်ထဲမှာတော့ လူတွေက သတင်းတွေ အမျိုးမျိုးပြောနေကြတော့ စိတ်ပူနေရပါတယ်" ဟုပြောသည်။

၎င်းအလယ်တန်းပြ ကျောင်းဆရာဦးမောင်ဝင်းသန်းအား လွန်ခဲ့သည့်လပိုင်းက ဒွါရာဝတီ ဖေ့စ်ဘုတ် စာမျက်နှာတွင် အေအေအတွက် ငွေကြေး ကောက်ခံပေးနေသူဟုဆိုကာ လွဲမှားစွာ စွပ်စွဲရေးသားမှုများ ရှိခဲ့ကြောင်း၊ ၎င်းမှာရိုးရိုးသားသား ကျောင်းဆရာလုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်း၏မိသားစုဝင်ကဆက်ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာနှစ်ဦးစလုံးအား  ပလက်ဝအခြေစိုက်တပ်ရင်း ၂၈၉ တွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသော်လည်း အဆက်အသွယ်မရ ပျောက်ဆုံးနေ၍ စိုးရိ်မ်ကြောင်း ပြောကြားကြသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့် ဇွန်လကလည်း ပလက်ဝမြို့ခံ သက်ကြီးပိုင်း အမျိူးသားသုံးဦးကို စစ်ကောင်စီကဖမ်းဆီးထားပြီး နိုင်ငံတော်ဆူပူ လှုံဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...