စစ်ကောင်စီက လက်နက်ကြီးများ၊ဂျက်လေယာဉ်များဖြင့်ပါပစ်ခတ်၍ ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်အိုးအိမ်စွန့်ခွာထွက်ပြေးရ

စစ်ကောင်စီက လက်နက်ကြီးများ၊ဂျက်လေယာဉ်များဖြင့်ပါပစ်ခတ်၍ ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်အိုးအိမ်စွန့်ခွာထွက်ပြေးရ
လက်နက်ကြီးများဖြစ်ပစ်ခတ်နေမှုကြောင့် လွန်ခဲ့သည့် လအနည်းငယ်က ရသေ့တောင်ဒေသခံများ ထွက်ပြေးနေကြစဉ် (ဓာတ်ပုံဟောင်း) ဓာတ်ပုံ-  CJ
လက်နက်ကြီးများဖြစ်ပစ်ခတ်နေမှုကြောင့် လွန်ခဲ့သည့် လအနည်းငယ်က ရသေ့တောင်ဒေသခံများ ထွက်ပြေးနေကြစဉ် (ဓာတ်ပုံဟောင်း) ဓာတ်ပုံ- CJ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ ရေစိုးချောင်းဗျူဟာမှ အနီးအနားရှိ လူနေကျေးရွာများနှင့် အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သလို ဂျက်လေယာဉ် များဖြင့်လည်း ပစ်ခတ်မှုများရှိခဲ့သည့်အတွက် အောက်တိုဘာလ ပထမအပတ်အတွင်း ဒေသခံထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်းသိရသည်။

စစ်ကောင်စီ ရေစိုးချောင်းဗျူဟာမှ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်မှ စတင်ပြီး အောက်တိုဘာလ ၆ ရက်အထိ  လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် အောက်တိုဘာလ ၅ ရက်ကဆိုလျှင်လည်း ဂျက်ဖိုက်တာများဖြင့် နေ့ရောညပါ လူနေကျေးရွာများအနီးဝန်းကျင်ရှိ တောင်တန်းများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့သို့ပစ်ခတ်မှုများရှိနေ၍ ဒေသခံကျေးရွာသားများမှ ကြောက်လန့်စိုးရိမ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ရသေ့တောင်မယူကမ်းသို့ ထွက်ပြေးလာသည့် ဒေသခံတစ်ဦးက ပြောသည်။

" မနေ့က နေ့လယ်လောက်ကလည်း တစ်လုံးနှစ်လုံးပစ်တာကြားလိုက်တယ်။ အရင်တစ်ရက်နေ့လောက်ကလည်း ရှောင်လာကြရတာ သူတို့ပစ်နေတုန်း အချိန်မှာ။ ကျနော်တို့နဲ့အတူ ဒီမှာ လူ ၅၀၊ ၆၀လောက်တော့ပါလာကြတယ်။ ရသေ့တောင်ကယ်ဆယ်ရေးဘက်ကိုလည်း ပြေးသွားကြတဲ့သူတွေရှိတယ်။ ဒီလ ၅ ရက်နေ့ကလည်း ဂျက်တိုက်လေယာဉ်နဲ့လာပစ်တယ်၊ အိပ်လို့မရဘူး။ ရွာမှာက ယောကျ်ားနည်းနည်းလောက်ပဲ ကျန်ခဲ့တာ၊ ကျွဲတွေနွားတွေလည်း ကျန်ခဲ့တော့ သူတို့ကိုကြည့်ရအုံးမှာလေ။ ဒီလိုသာဆက်ပြီးပစ်နေသေးရင် ကျနော်တို့အကြာကြီး ထွက်ပြေးရအုံးမယ်ဆိုရင် အခက်အခဲတွေကတော့ မျိုးစုံရှိလာမှာပါပဲ" ဟုပြောသည်။

စစ်ကောင်စီတပ်များက လေးငါးရက်ဆက်တိုက် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထွက်ပြေးနေကြရသော ကျေးရွာများမှာ ပြိန်းတော၊ ညောင်ပင်လှ၊ မညှင်းတောင်၊ ဗောဓိကုန်း၊ ကုန်တန်း၊ ကုလားချောင်း၊ ရေမျက်၊ သမီးလှ အစရှိသည့်ကျေးရွာများဖြစ်ကြပြီး တစ်ရက်ထက်တစ်ရက် ထွက်ပြေးနေကြသူ ပိုများပြားလာကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ဒေသခံတွေကတော့ အရင်ကနေလည်း ကြောက်ပြီးထွက်ပြေးနေကြတဲ့ သူတွေရှိတယ်။ အခု ကျန်ရစ်ခဲ့တဲ့သူတွေ တသုတ်ထပ်ပြီး ထွက်ပြေး နေကြတာပါ။ လူဦးရေကတော့ ထောင်နှင့်ချီပြီး ရှိပါမယ်။ ထွက်ပြေး နေကြတာကတော့။ ရွာတွေမှာ ရွာသားတွေတောင် မရှိတော့ဘူး၊ ယောကျ်ားလေးနည်းနည်းပဲကျန်ခဲ့တော့တာ။ အခုလည်း ဆက်ပြီး ပြေးနေကြတာတွေရှိတယ်။ ညဉ့်မှာလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ လာပြီးပစ်ကြတော့ ကြောက်ရတယ်လေ" ဟုပြောသည်။

အောက်တိုဘာ ၆ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း စစ်ကောင်စီ ဇက်ရေယာဉ်က အနီးအနားရှိ ရေမျက်၊ ပြိန်းတော၊ ညောင်ပင်လှ၊ ကုန်တန်း၊ ကုလားချောင်း အစရှိသည့် ကျေးရွာများသို့ လက်နက်ကြီး သုံးကြိမ်ခန့် ပစ်ခတ်မှုရှိခဲ့ပြီး လူနှင့်အဆောက်အအုံထိခိုက်မှုများမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြန်မာစစ်ကောင်စီသည် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင်အရေးပါသည့် ရေစိုးချောင်းဗျူဟာသည် ရက္ခိုင့်တပ်တော်(AA)လက်ထဲ မကျရောက်စေရန် နေ့စဉ်နေ့တိုင်း လေယာဉ်များ အသုံးပြု၍ ပစ်ခတ်ခြင်း၊ AA ရှိနိုင်သည်ဟု ယူဆသည့် နေရာများကို လက်နက်ကြီးများဖြင့် အဝေးမှ လှမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေရသည်ဟု ဒေသအတွင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင်လည်း အဆိုပါ ရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင် အနီးအနားရှိ လူနေ ကျေးရွာများကို စစ်ကောင်စီများမှ လက်နက်ကြီး ပစ်ခတ်မှုများ ရံဖန်ရံခါပြုလုပ်နေသလို ယမန်နေ့ နေ့လယ် ၁ နာရီ ကျော်ခန့်ကလည်း ဘူးသီးတောင်အခြေစိုက်တပ်ရင်းက ယင်းအနီးအနားသို့ လက်နက်ကြီးတစ်ကြိမ်ခန့် လှမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...