မင်းပြားကြပ်စင်တံတားအနီး တိုက်ပွဲဖြစ်၊ လက်နက်ကြီးများပစ်ခတ်၍ မြို့ထဲရှိ စျေးဆိုင်များပိတ်လိုက်ရ

မင်းပြားကြပ်စင်တံတားအနီး တိုက်ပွဲဖြစ်၊ လက်နက်ကြီးများပစ်ခတ်၍ မြို့ထဲရှိ စျေးဆိုင်များပိတ်လိုက်ရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ် ကြပ်စင်တံတားအနီးတွင် ယနေ့နေ့လယ်က ရက္ခိုင့်တပ်တော် (AA)နှင့်မြန်မာ့စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲသည် မင်းပြားမြို့အဝင် ကြပ်စင်တံတားအနီးတွင် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်ကပင် စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ကျိန်းတောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ၅၄၁ တပ်ရင်းတို့မှ လက်နက်ကြီးများ ပစ်ကူးပေးနေကြောင်း ဒေသခံများက ပြောသည်။

"တိုက်ပွဲဖြစ်တယ်။  မင်းပြားအနားက ကြပ်စင်တံတားမှာ ဖြစ်နေတာပါ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ဖြစ်နေကြတာပါ။ အခုတော့ ရပ်သွားပါပြီ။ စကစတပ်ဘက်ကတော့ လက်နက်ကြီးတွေ ပစ်နေသေးပါတယ်။ အနီးအနားကရွာသားတွေလည်း ဗုံးခိုကျင်းတွေထဲ ဝင်နေရပါတယ်" ဟု အနီးအနားရှိကျေးရွာသား တစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြောသည်။

နောက်ထပ်မင်းပြားဒေသခံတစ်ဦးက "စဖြစ်တာက ၁၂ မိနစ် ၅၀ လောက်က ထင်တယ်။ ကြပ်စင်နားမှာဖြစ်နေတာပါ။ (၅၄၁) က လက်နက်ကြီးတွေ ပစ်ကူနေပါတယ်"ဟုပြောသည်။

လက်ရှိတွင်လည်း ကျိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်နှင့် မင်းပြားအခြေစိုက် တပ်ရင်း ၅၄၁ တပ်တို့မှ လက်နက်ကြီးများ ပစ်ခတ်နေဆဲ ဖြစ်ပြီး လက်နက်ငယ်သံများ မကြားရတော့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထို့သို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အနီးအနားရှိ ကျေးရွာ ဒေသခံများမှာ ဘေးလွှတ်ရာတွင် တိမ်းရှောင်ပုန်းခိုနေရပြီး မင်းပြားမြို့ပေါ်ရှိ ဈေးဆိုင်ခန်းများကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း မင်းပြားမြို့ခံတစ်ဦးကပြောသည်။

"လက်နက်ကြီးတွေကတော့ ပိတ်နေဆဲပါဘဲ။ မြို့ထဲမှာတော့ လက်နက်ကြီးတွေ စပိတ်ကတည်းက ဈေးဆိုင်တွေအကုန်လည်း သိမ်းထားကြပါပြီ။ နေ့လည် ၁ နာရီကျော်ကျော်လောက်ထိ အဲဒီအနီးအနားမှာ သေနတ်သံတွေ ကြားရပါသေးတယ်" ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဖလောင်းပြင်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့်လည်း ရွာသားအချို့ ဒဏ်ရာရသွားကြောင်း ကျေးရွာသား တစ်ဦးကပြောသည်။

"၁၂ နာရီခွဲလောက်ကနေ ဖြစ်နေတာ။ လက်နက်ကြီးကတော့ အနည်းဆုံး ၁၀ လုံးလောက်ရှိပြီ ပစ်တာ။ ဖလောင်းပြင်မှာကျပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။"

စစ်ကောင်စီတပ်သည် မင်းပြားမြို့၌ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ညည့်အချိန်၌ လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...