တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောင်းသားများ ပညာရေးထိခိုက်နေရ

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောင်းသားများ ပညာရေးထိခိုက်နေရ
ရသေ့တောင်မြို့နယ်၊ သမီးကျေးရွာစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတချို့ကို တွေ့ရစဉ်။
ရသေ့တောင်မြို့နယ်၊ သမီးကျေးရွာစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတချို့ကို တွေ့ရစဉ်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများထဲတွင် ကျောင်းနေအရွယ် ကလေးငယ်များလည်း ပါဝင်ကြသည်။

တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ မိသားစုလိုက် ထွက်ပြေးခိုလှုံလျက်ရှိကြသည်။

ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ဆယ်တန်းကျောင်းသူ မငြိမ်းငြိမ်းဝင်းက လက်ရှိ ကျောင်းမတက်ရသည့်အတွက် ပညာရေးတွင် နောက်ကျမည်ကို စိုးရိမ်ကြောင်းပြောသည်။

“သမီးတို့ အခုကျောင်းမတက်ရဘူးဆိုတော့ အချိန်တွေကုန်ပြီး ပညာရေးနောက်ကျမှာကို အရမ်းကြောက်တယ်။ ဒါကြောင့် ကျောင်းတက်ချင်တယ်။ အခု တိုက်ပွဲတွေလည်းဖြစ်နေတယ်။ မိသားစုမှာလည်း ပိုက်ဆံက အခက်အခဲရှိတယ်”ဟု ၎င်းက DMG သို့ ပြောသည်။

ရုပ်သားကျေးရွာတွင် KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၃၀၀ ဦးခန့်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က ၎င်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးကာ စာသင်ကျောင်းကိုလည်း ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာတွင်လည်း လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးကာ စာသင်ကျောင်းကို ယာယီပိတ်ထားရသည်ဟုသိရသည်။

နဂရာကျေးရွာမှာ ယခုနှစ်အတွင်း ပညာသင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူဦးရေ ၂၀၀ ကျော်ခန့်ရှိပြီး လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်နေရသဖြင့် ပညာသင်ကြားရာတွင် ထိခိုက်မှုများရှိနေသည်။

လက်ရှိအခြေအနေအရ မိမိကျေးရွာသို့ မပြန်နိုင်သေးသည့်အတွက် စစ်ဘေးခိုလှုံရန်ရောက်ရှိနေသော နေရပ်များတွင် ကျောင်းသားများ ပညာသင်ကြားနိုင်ရန် စီစဉ်နေရသည်ဟု နဂရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

“ကျောင်းသားတွေက မိဘတွေနဲ့အတူတူ ပါသွားကြတော့ ဘယ်ရွာမှာရှိနေကြမှန်း မသိရဘူး။ လက်ရှိမှာတော့ သူတို့ (စစ်ဘေးရှောင်ကျောင်းသား) ရောက်နေတဲ့  ရွာတွေက တာဝန်ရှိသူတွေကို စစ်တမ်းကောက်ပြီး သတင်းပို့ပေးဖို့ ပြောထားတယ်။ ပြီးမှ ကျောင်းသားတွေက ဘယ်ရွာ၊ ဘယ်ရွာမှာရောက်နေကြတယ်ဆိုရင် ဥပမာ - ရွှေပြည်ကျေးရွာမှာ ရောက်နေတယ်ဆိုရင် ရွှေပြည်ကျောင်းက ကျောင်းသားတွေပညာသင်ဖို့ လက်ခံပေးမှာ။ အဲဒီလို အစီအစဉ်တွေရေးဆွဲထားတယ်”ဟု ဦးမောင်ဝင်းက DMG သို့ပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွား ပြင်းထန်လာနေသဖြင့် ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်တို့မှ စာသင်ကျောင်းပေါင်း ၅၀ ခန့်ကို ယာယီပိတ်ထားရကြောင်း DMG မှ စုံစမ်းသိရှိရသည်။

“ဒီဖက်မှာက တိုက်ပွဲဖြစ်တယ်၊ လက်နက်ကြီးပစ်ခတ်တာတွေရှိနေတော့ ကျောင်းတွေမဖွင့်ရဲကြဘူး။ ကျောင်းဆရာတွေလည်း အဲဒီလိုအခြေအနေဖြစ်နေတော့ မလာရဲကြဘူးထင်တယ်။ သားသမီးတွေ စာမသင်ကြရတော့ ပညာရေးအပေါ်မှာလည်း စိုးရိမ်တယ်။ သားသမီး ပညာတတ်ဖို့ ရုန်းကန်ပြီး သင်ပေးနေရတာ။ တစ်နှစ်နောက်ကျရင် တစ်နှစ်အတွက် အခက်အခဲရှိတာပေါ့”ဟု မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးကျေးရွာမှ ကျောင်းသားမိဘ ဦးခိုင်မျိုးထွန်းက DMG သို့ပြောသည်။

ကျောင်းသူ၊ ကျောင်းသားများမှာ မကြာမီ နှစ်ဝက်အစမ်းစာမေးပွဲ ဖြေဆိုရတော့မည်ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားရာဒေသများမှ ကလေးငယ်များမှာ ပြေးလွှားနေရသည့်အတွက် စာသင်ခန်းနှင့် အလှမ်းဝေး နေကြရသည်။

လက်ရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ကျောင်းသား၊ ကျောင်းသူများနှင့်ပတ်သက်၍ မည်သို့ စီစဉ်ဆောင်ရွက် ပေးထားသည်ကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးကို DMG မှ ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ရခိုင်တွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် မောင်တောဖြစ်စဉ်နှင့် ၂၀၁၈ ခုနှစ်မှစတင်၍ ၂ နှစ်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စာသင်ကျောင်းပေါင်း ၁၂၂ ကျောင်းကို ယာယီပိတ်ထားခဲ့ရပြီး အဆိုပါကျောင်းများကို ယခုနှစ်တွင်လည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...