စျေးကွက်မရှိ၍ သံပုရာသီးများမှည့်ဝါပြီး အပင်အောက် ကြွေကျပျက်စီးနေ

စျေးကွက်မရှိ၍ သံပုရာသီးများမှည့်ဝါပြီး အပင်အောက် ကြွေကျပျက်စီးနေ

ယခုနှစ်တွင် သံပုရာသီးများ ရောင်းချရာတွင် စျေးကွက်မရှိသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာများမှ သံပုရာစိုက်ခင်းများတွင် အသီးများမှာ မှည့်ဝါပြီး ခူးသူမရှိဘဲ အပင်အောက်သို့ ကြွေကျပျက်စီးလျက် ရှိသည်ဟု စိုက်ပျိုး သူများက ကေအိုင်စီသို့ ပြောသည်။

သံပုရာသီးများကို လာရောက်ဝယ်သူများမရှိသည့်အပြင် သွားရောက် ရောင်းချရေးအတွက် ဆိုင်ကယ်ဆီဖိုးနှင့် ပို့ဆောင် ခများ ကုန်ကျသဖြင့် ခူးယူရောင်းချခြင်း မလုပ်ဆောင်တော့ဘဲ အပင်အောက်တွင်ပင် ကြွေကျလျက်ရှိနေသည်ဟု ကြာ အင်းဆိပ်ကြီးဒေသခံများက ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာ ဒေသခံတစ်ဦးက "ကုန်ဈေးနှုန်းအသီးသီးတက်နေချိန်မှာ ရှောက်သီး၊ သံပရာသီးက ဈေးမကောင်းဘူး။ ဆိုင်ကယ်ဆီဖိုး၊ ပို့ခ၊ ပင်ပမ်းတာ မကိုက်တော့လို့ အပင်အောက်မှာပဲ ဒီအတိုင်း ကြွေ ကျပြီး ပုပ်ကုန်တယ်။" ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်တွင် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သည့် ကြာအင်းဆိပ်ကြီး မြို့နယ်သည် မိုးရာသီအချိန်တွင် သံပုရာသီး ဈေးကောင်းမရသဖြင့် အသက်မွေးလုပ်ငန်းမှာ ခက်ခဲကြပ်တည်းကြောင်း ၎င်းမြို့နယ်ရှိ ရွာခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ထွက်ရှိသော သံပုရာသီး၊ ရှောက်သီးများကို များသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်သို့ ပို့ဆောင်ရောင်းချခြင်း၊ အဝယ်ဒိုင်များက စိုက်ပျိုးခြံအထိ လာရောက်ဝယ်ယူခြင်းများ ယခင်က ရှိခဲ့သော်လည်း ယခုနှစ် တွင် မည်သည့်သံပုရာအဝယ်ဒိုင်များက လာရောက်ခြင်းမရှိသည့်အတွက် ခြံရှင်များမှာ အသီးများကို မခူးဆွတ်ဘဲထား နေကြသည်။

"ကြာအင်းဆိပ်ကြီးမြို့နယ်တော့ အဓိကအလုပ်က စိုက်ပျိုးရေးပေါ့။ ဒီထဲမှာမှ မိုးရာသီမှာဆို သံပုရာသီးစိုက်တဲ့လူဟာ ဈေးမကောင်းလို့ မခူးရောင်းတော့ဘဲ အလကားဖြစ်နေတယ်။ စီးပွားဖြစ်လုပ်ဖို့ ခေါင်းထဲမှာ မရှိတော့ဘူး။" ဟု ကြာအင်း ဆိပ်ကြီးမြို့ခံတစ်ဦးက ပြောသည်။

သံပုရာသီးစျေးကွက်မှာ နွေရာသီအချိန်တွင် တစ်လုံးလျှင် ၂၀ ကျပ်မှ ၅၀ ကျပ်အထိ ဈေးရှိပြီး မိုးရာသီတွင်မူ တစ်လုံး လျှင် ၁၀ ကျပ်ပင် စျေးမရကြောင်း သံပုရာခြံစိုက်တောင်သူများထံမှ သိရသည်။ အလားတူ ရှောက်သီးတစ်လုံးလျှင် နွေရာသီ၌ ၁၀၀ ကျပ်အထိ စျေးရရှိသော်လည်း မိုးရာသီ ရှောက်သီးဈေးမှာ တစ်လုံးလျှင် ၁၅ ကျပ်မှ ၅၀ ကျပ်အထိသာ စျေးကွက်ရရှိသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် သံပုရာသီးနှင့် ရှောက်သီး အများအပြား ထွက်ရှိသဖြင့် ကုန်ချောထုတ်လုပ်ရန် နည်း ပညာ၊ ဈေးကွက်နှင့် အရင်းအနှီးများ ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများရှိစေချင်သည်ဟု သံပုရာသီး စိုက်ပျိုးသူ ကြာအင်းဆိပ်ကြီး ဒေသခံများက ပြောဆိုသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...