ဘူးသီးတောင် သပိတ်ကျေးရွာတွင် နေအိမ်တချို့ မီးရှို့ခံရဟုဆို

ဘူးသီးတောင် သပိတ်ကျေးရွာတွင် နေအိမ်တချို့ မီးရှို့ခံရဟုဆို

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်နေ့ ည (၉) နာရီခန့်က နေအိမ်တချို့ မီးရှို့ခံရကြောင်း ဒေသခံများကပြောသည်။

သပိတ်တောင်ရွာသားများမှာ ယမန်နေ့က မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့တို့ စခန်းချနေထိုင်သည့် နခခ (၈) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးနေကြစဉ် ယင်းသို့မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။

သပိတ်တောင်ကျေးရွာသားတစ်ဦးက “ရွာဘုန်းကြီးကျောင်းကို စစ်သားတွေက ညနေ ၆ နာရီကျော်လောက်မှာ ရောက်တယ်လို့ ရွာက လူတချို့ထံကသိရတယ်။ ဆရာတော်နဲ့အတူ ဘုန်းကြီးကျောင်းမှာ ရွာသား ၁၀ လောက်ကျန်ခဲ့သေးတယ်။ အခုကျန်ခဲ့တဲ့ လူတွေနဲ့ ဖုန်းအဆက်အသွယ်မရတော့ဘူး။ မီးရှို့ခံရတာကတော့ ည (၉) နာရီ လောက်မှာပါ။ ဘယ်နှစ်အိမ်ပါသွားလဲဆိုတာ ကျနော်တို့လည်းသွားမကြည့်ရဲလို့ အတိအကျမသိရသေးဘူး”ဟု DMG ကိုပြောသည်။

လက်ရှိတွင် ကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်း မြန်မာစစ်တပ်က နေရာယူထားသည့်အတွက် ကျေးရွာသို့သွားမကြည့်ရဲသဖြင့် မီးလောင်ပျက်စီးသွားသည် နေအိမ်အရေအတွက်ကို အတိအကျပြောဆိုရန် ခက်ခဲကြောင်းလည်း ၎င်းကဆက်ပြောသည်။

ကျေးရွာအတွင်းပိတ်မိနေသည့် ဆရာတော်နှင့် ကျေးရွာသားတချို့ကိုလည်း လက်ရှိအချိန်ထိ ဖုန်းအဆက်အသွယ်မရဖြစ်နေသည်။

ဘူးသီးတောင်အမတ်ဟောင်း ဦးအောင်သောင်းရွှေကမူ သပိတ်တောင်ကျေးရွာမှ နေအိမ် (၃) ဆောင်ကို မြန်မာစစ်တပ်က မီးရှို့ခဲ့သည်ဟုပြောသည်။

“လောလောဆယ်သိရတာကတော့ အိမ် (၃) ဆောင်လောက် ပါ သွားတယ်လို့သိရတယ်။ မြန်မာစစ်တပ်က ဒီလိုအိမ်တွေကို မီးရှို့ဖျက်ဆီးတာကတော့ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ ရွာတွေကိုဖြိုချင်နေတာ”ဟု ၎င်းကဆိုသည်။

အဆိုပါသပိတ်တောင်ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်ရှိကာ လူဦးရေ ၃၀၀ ကျော်ရှိပြီး ကျေးရွာသားများမှာ ဘူးသီးတောင်မြို့ပေါ်နှင့် အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်ရှောင်နေခြင်းဖြစ်သည်။

သပိတ်တောင်ကျေးရွာအတွင်း နေအိမ်အချို့ကို မြန်မာစစ်တပ်က မီးရှို့ခဲ့သည်ဟု ပြောဆိုချက်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေး၍ တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။

ရခိုင်အပါဝင် တနိုင်ငံလုံးတွင် မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများကို ကျူးလွန်နေပြီး အဆိုပါဖြစ်ရပ်များအတွက် တာဝန်ခံမှုရှိရမည်ဟု ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကပြောသည်။

“မြန်မာစစ်တပ်က ရခိုင်ပြည်အနှံ့၊ မြန်မာပြည်အနှံ့မှာ ရွာတွေကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးရှို့နေတာတွေရှိတယ်။ အဲဒါကတော့ မြန်မာစစ်တပ်ရဲ့ နည်းဗျုဟာအဟောင်းဖြစ်တယ်။ သူတို့ကို တော်လှန်ရင် တော်လှန်ရေးကို ထောက်ပံ့တယ်ဆိုရင် မင်းတို့ရွာတွေကိုမီးရှို့မယ်ဆိုတဲ့ သူတို့ရဲ့ အလုံးစုံပျက်ဆီးရေးမူဝါဒဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ယမန်နေ့ (စက်တင်ဘာ ၂၃ ရက်) နံနက်ကလည်း နခခ (၈) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သပိတ်တောင်အုပ်စု၊ မြောက်ရွာ (မွတ်ဆလင်) တွင် လက်နက်ကြီးကျည်ကျရောက်ကာ မွတ်ဆလင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...