ရခိုင်စစ်ဘေးရှောင်များကို အာရက္ခထီလက်မှတ်များ အခမဲ့ဖြန့်ဝေပေးနေ

ရခိုင်စစ်ဘေးရှောင်များကို အာရက္ခထီလက်မှတ်များ အခမဲ့ဖြန့်ဝေပေးနေ

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင် ပြေစေရန် ရည်ရွယ်၍ ပြည်တွင်းပြည်ပ အလှူရှင်များ စုပေါင်းငွေဖြင့် အာရက္ခထီ (လောင်ပေါ်) လက်မှတ်များကို အခမဲ့ ဖြန့်ဝေပေးနေသည်။

စစ်ဘေးရှောင်များ၏ အခက်အခဲများကို တိုက်ရိုက်ငွေကြေး ထောက်ပံ့ခြင်းထက် အခြားတစ်ဖက်မှ အထောက် အကူပြု ဖြေရှင်းနိုင်စေရန်နှင့် ကံထူးလာပါက ဘဝကိုပါ တစ်စိတ်တစ်ပိုင်း ပြောင်းလဲစေနိုင်သည်ဟူသော ရည် ရွယ်ချက်ဖြင့် ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ကြောင်း ထီလက်မှတ်များ အခမဲ့ဖြန့်ဝေရာတွင် ဦးဆောင်လှုပ်ရှားနေ သူ ကိုပြည်လင်းက ပြောသည်။

“ပြည်တွင်း ပြည်ပက အလှူရှင်တွေနဲ့ ပေါင်းပြီး အာရက္ခပြည်အတွင်း ပထမဆုံး အကြိမ်လည်းဖြစ်တဲ့ ဒီအာရက္ခ ထီတွေကို အခက်ခဲတွေနဲ့ ရင်ဆိုင်နေရသူ စစ်ဘေးရှောင်ပြည်သူတွေ မျှဝေချင်လို့ပေါ့။ တကယ်လို့ သူတို့ ဆုမဲ ပေါက်ခဲ့ရင် သူတို့ရဲ့ဘဝတစိတ်တပိုင်း ပြောင်းလဲသွားနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဖြစ်တာပါ။”

ယခုလတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၆၀၀ အတွက် တစ်အိမ်ထောင်စုလျှင် တစ်စောင်နှုန်းဖြင့် စုစုပေါင်း လက်မှတ် ၆၀၀ ကို ပေးဝေသွားမည်ဖြစ်ပြီး ယခင်လကလည်း ရခိုင်ပြည်အတွင်းရှိ မြို့နယ်အသီးသီးမှ စစ်ဘေး ရှောင်များအတွက် အစောင်ရေ ၁၈၀ ဖြန့်ဝေပေးခဲ့သည်။

နောင်တွင်လည်း ပလက်ဝမြို့နယ် အပါအဝင် အခြားသော စစ်ဘေးရှောင်များကိုပါ တိုးမြှင့်ပေးဝေသွားရန် ရည်မှန်းထားကြောင်း ဆိုသည်။

ကိုပြည်လင်းက “ဒီလမှာတော့ ကျနော်တို့က အလှူငွေ ၆ သိန်းလောက် ရတယ်။ အဲဒီ ၆ သိန်းနဲ့ သူတို့ကို ပေး မယ်ဆိုရင် ဘာမှ မရဘူး။ ဒါပေမဲ့ ဒီထီလက်မှတ်တွေကတော့ မမြင်နိုင်တဲ့ ငွေထုပ်ကြီး ပါနိုင်တယ်။ တစ်ယောက်လောက် ကံထူးခဲ့ရင်တောင် အများကြီး အကျိုးရှိမယ်။ ဒါကြောင့် ကျနော်တို့ မိတ်ဆွေတစ်စုပေါင်း ပြီးတော့ အခုလိုမျိုး ထူးထူးခြားခြားလေးကို လှူရတာပါ” ဟု ဆက်ပြောသည်။

အချို့သော စစ်ဘေးရှောင်များမှာ နေ့စဉ်စားဝတ်နေရေးအတွက် အနိုင်နိုင် ရုန်းကန်နေရသဖြင့် အာရက္ခထီ (လောင်ပေါ်) ကို ကိုယ်တိုင်ဝယ်ယူ ကံစမ်းရန်အတွက် မြို့ပေါ်သို့ သွားရောက်ရန် ငွေကြေးနှင့် လမ်းပန်းဆက် သွယ်ရေး အခက်အခဲများ ရှိနေကြသည်။ ယခုကဲ့သို့ အခမဲ့ လက်မှတ်များ ရရှိခြင်းကြောင့် ဝမ်းမြောက် ကျေးဇူးတင်လျက် ရှိကြကြောင်း ဒေသခံများက ဆိုသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် ဦးအောင်စိန်ထွန်းက “လောင်ပေါ်တစ်စောင် ပေးလာတာနဲ့ ပိုက်ဆံ ၅,၀၀၀ ပေးလာတာနဲ့ဆိုရင် လောင်ပေါ်တစ်စောင်ပေးတာ ပိုကျေးဇူးတင်တယ်။ ဘာလို့လည်းဆိုတော့ လောင်ပေါ်မှာက သိန်းရာနဲ့ချီတဲ့ ကံတရားတွေ ပါတာလေ။ ဒီမှာက ပိုက်ဆံ ၅,၀၀၀ နဲ့ ခဏလေးနဲ့ ကုန်မှာ။ ပြီးရင် လောင်ပေါ်ထိုးမယ်ဆိုရင် မြို့ပေါ်သွားရမယ်။ လမ်းစရိတ်တွေလည်း ကုန်ဦးမယ်။ ဒါကြောင့် အခုလိုမျိုး လောင်ပေါ် ပေးတာကို အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနတို့ ဦးစီးဖွင့်လှစ် ရောင်းချနေသော အာရက္ခထီ (လောင်ပေါ်) တွင် ပထမဆု ကျပ်သိန်း ၇၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၀၊ တတိယဆု ကျပ်သိန်း ၁၀၀ အပြင် ကျပ်သိန်း ၅၀ ဆု၊ ကျပ်သိန်း ၁၀ ဆုနှင့် ကျပ် ၅ သိန်းဆု စုစုပေါင်း ဆုမဲ ၄၆ ဆု ပါဝင်သည်။

ပထမအကြိမ်မြောက် အာရက္ခထီ (လောင်ပေါ်) ၏ ပထမဆုကို ဇူလိုင်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ကျောက် တော်မြို့မှ ကံထူးသွားခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်သည်။

Most read this week

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...