မင်းပြား နရမ်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်က ရွာသားနှစ်ဦးကို ဖမ်းဆီးထား

မင်းပြား နရမ်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်က ရွာသားနှစ်ဦးကို ဖမ်းဆီးထား
မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် ဒေသခံနှစ်ဦးအနက် ကိုအောင်ဇော်ဝင်းကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် ဒေသခံနှစ်ဦးအနက် ကိုအောင်ဇော်ဝင်းကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

မင်းပြားမြို့နယ်၊ နရမ်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေသည့် မြန်မာစစ်တပ်သည် ယမန်နေ့ (စက်တင်ဘာလ ၂၂ ရက်)၊ ညနေ ၅ နာရီခန့်က ရွာသား ၂ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၇၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် မင်းပြားမြို့ဘက်မှ နရမ်းကျေးရွာဘက်သို့ ခြေလျင်လျှောက်လာစဉ် ကားဝပ်ရှော့လုပ်ကိုင်သူ ကိုအောင်ဇော်ဝင်းနှင့် တပည့်ဖြစ်သူ ကိုညီညီတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် မျက်မြင်ဒေသခံတစ်ဦးက DMG သို့ပြောသည်။

“စစ်သားတွေက မင်းပြားဖက်ကနေလာပြီးတော့ နရမ်းလမ်းဆုံမှာထိုင်နေကြတယ်။ အဲဒီအချိန်မှာ ကားဝပ်ရှော့ဆရာနဲ့ သူ့တပည့်က မင်းပြားဖက်ကနေ ကားနဲ့လာကြတယ်။ ကားကလည်း သူတို့ကားမဟုတ်ဘူး။ ရွာကတစ်ယောက်မှာ ပြင်ခိုင်းထားတာကို စမ်းမောင်းကြည့်ပြီး ပြန်လာကြပုံရတယ်။ နရမ်းလမ်းဆုံရောက်တော့ စစ်သားတွေနဲ့တည့်တည့်တိုးပြီး ကားကိုရပ်ခိုင်းတယ်။ ပြီးတော့ ဖုန်းတွေစစ်ပြီး ဖမ်းသွားပါတယ်"ဟု ၎င်းကဆိုသည်။

ထိုသို့ဖမ်းဆီးပြီးနောက် စစ်သားများမှာ နရမ်းရွာဘုန်းကြီးကျောင်းထဲသို့ဝင်ကာ ညအိပ်တည်းခိုနေထိုင်ခဲ့ပြီး ဖမ်းဆီးခံရသူနှစ်ဦးနှင့် စီးလာသည့်ကားမှာလည်း လက်ရှိအချိန်ထိ ဘုန်းကြီးကျောင်း၌ ရှိနေသေးသည်ဟုလည်း အဆိုပါမျက်မြင်က ဆက်ပြောသည်။

ကားပိုင်ရှင် ကိုစိုးဝင်းက "သူက သူ့မိန်းမနဲ့နေပြီး နရမ်းမှာ ကားဝပ်ရှော့လာလုပ်နေတာ သုံးနှစ်ကျော်ပြီ။ ကျနော်က ဒီကကျောင်းသားတွေကို မင်းပြားကို ကျောင်းပို့၊ကျောင်းကြိုလုပ်ပါတယ်။ မနေ့ကလည်း ကားပျက်သွားလို့ မနက်အစောကြီးထပြီး သွားအပ်ထားတာ။ သူ့ဆီမှာလည်း ကားအမြဲတမ်းလုပ်နေကျပါ။ ညနေပိုင်းမှာ ဘာကိစ္စနဲ့ကျနော့်ကားကို မောင်းသွားနေတာလဲတော့ မသိဘူး။ အခုကားကိုပါ သူတို့သိမ်းသွားကြတယ်။ ကျောင်းသားတွေပို့ဖိုကားမရှိတော့ အလုပ်လည်းမရှိဘူး"ဟု ဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မင်းပြားမြို့၊သပြေညိုရပ်ကွက်နှင့် ပြည်တော်လှရပ်ကွက်မှ ဒေသခံနှစ်ဦးတို့ကို မြန်မာစစ်တပ်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

လက်ရှိတွင်လည်း မင်းပြား နရမ်းရွာ၊ ကံဖေရွာ၊ ဆပ်ဂျာ (မွတ်ဆလင်ရွာ) နှင့် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးအနားတို့တွင် မြန်မာစစ်တပ်က သွားလာလှုပ်ရှားလျှက်ရှိနေကြ၍ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...