ရမ်းဗြဲဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

ရမ်းဗြဲဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်က ဒေသခံနှစ်ဦးကို စက်တင်ဘာလ (၂၁) ရက်နေ့၊ ညနေ (၅) နာရီခန့်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားပြီး မြို့ပေါ်ရပ်ကွက်ရှိ လူမှုရေးကိစ္စဆောင်ရွက်သူများ၏ နေအိမ်အချို့ကိုလည်း ဝင်ရောက် ရှာဖွေ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦးမှာ ရမ်းဗြဲမြို့ အမှတ် (၃) တန်းနားပြင်ရပ်ကွက်မှ ကိုအောင်လင်းထွန်းနှင့် အမှတ် (၃) အင်းတောင်ရပ်ကွက်မှ ကိုသက်လင်းဇော်တို့ ဖြစ်ကြသည်။

ကိုအောင်လင်းထွန်း၏ အသိမိတ်ဆွေတစ်ဦးက "လမ်းမှာ သူတို့ နှစ်ယောက်ကို ဖမ်းသွားတာလို့သိရတယ်။ ပြန်လို့တော့ မလွတ်လာသေးဘူး။ ဘယ်ကို ခေါ်သွားတယ်ဆိုတာကိုလည်း မသိသေးဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာကိုလည်း မသိသေးဘူး။ မိသားစုတွေကတော့ စုံစမ်းနေကြတယ်"ဟု ဆိုသည်။

ယင်းအပြင် ရမ်းဗြဲမြို့ အမှတ် (၃) တန်းနားပြင်ရပ်ကွက်မှ ကိုမောင်ထိန်နှင့် ကိုထင်လင်းခိုင်တို့၏ နေအိမ်နှင့် အမှတ် (၄) အောင်စေတီရပ်ကွက်မှ ကိုထွန်းထွန်းဦး၏ နေအိမ်များကိုလည်း မြန်မာစစ်တပ်မှ ဝင်ရောက်ရှာဖွေမှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

အဆိုပါ ဒေသခံ (၃) ဦး၏နေအိမ်ကို မြန်မာစစ်တပ်မှ ဒုတိယအကြိမ်မြောက် ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကာ ဝင်ရှာသည့်အကြောင်းအရင်းကို မသိရှိရကြောင်း ကိုမောင်ထိန်ကဆိုသည်။

"ပုသိမ်ကတပ်ရင်းလို့ သိရတယ်။ တပ်ရင်းနံပတ်ကိုတော့ မမှတ်မိဘူး။ ကျနော့်အိမ်မှာ ကျနော်မရှိဘူးလား ဘယ်ကိုသွားလဲဆိုပြီး ကျနော့်အမျိုးသမီးကို မေးတယ်လို့သိရတယ်။ ကျနော့်အိမ်ကို ဝင်ရှာတဲ့အခါ စစ်သား (၂၀) လောက် ပါတယ်လို့သိရတယ်။ အိမ်ထဲအထိ ဝင်ရှာကြတယ်။ ယူသွားတာတော့ ဘာမှမရှိခဲ့ဘူး"ဟု သူကပြောသည်။

အဆိုပါဒေသခံ (၃) ဦးမှာ ရမ်းဗြဲမြို့နယ်အတွင်း လူမှုရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး ယခုကဲ့သို့ မြန်မာစစ်တပ်မှ မကြာခဏ ရှာဖွေခံရသည့်အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ အမြဲစိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိတွင် ရှာဖွေခံရသူများမှာ တိမ်းရှောင်နေရသည် ဟုလည်း သိရသည်။

မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော် (AA) နှင့် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီး နောက် AA နှင့်ဆက်စပ်သည်ဟု သံသယရှိသူများကို ဖမ်းဆီး စစ်ဆေးမှုများရှိနေသည်။ ထို့ပြင် AA အား ထောက်ပံ့မှုပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန်လည်း အနောက်တိုင်းပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက စက်တင်ဘာလ ၂၀ ရက်နေ့က ညွှန်ကြားထားသည့် လျှို့ဝှက်ကြေးနန်းစာတစ်ခု အွန်လှိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...