ရခိုင်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်နေချိန်တွင် ကျောက်တော်စခန်း ၃ ခုမှ စစ်ဘေးရှောင်များကို ပြည်နယ်စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေဟုဆို

ရခိုင်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်နေချိန်တွင် ကျောက်တော်စခန်း ၃ ခုမှ စစ်ဘေးရှောင်များကို ပြည်နယ်စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေဟုဆို

ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများပြင်းထန်လာနေချိန်တွင် ကျောက်တော်မြို့နယ်ရှိ IDP စခန်း ၃ ခုမှ စစ်ဘေးရှောင်များကို ပြည်နယ်စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် စစ်ကောင်အဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၏ အမိန့်ဖြင့် ကျောက်တော် မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်မင်းကုလားကျေးရွာ၊ ဝါးတောင်ကျေးရွာနှင့် ကန်စောက်ကျေးရွာတို့အတွင်းရှိ စစ်ရှောင်စခန်းများမှ စစ်ဘေးရှောင်များကို  လာမည့် နိုဝင်ဘာလအတွင်း နေရပ်ပြန်ကြရန် အမိန့်ပေးထားသည်ဟု သိရသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက “အခုက တိုက်ပွဲတွေက၊ အခြေအနေတွေက ပိုမိုဆိုးလာတဲ့အတွက် ပြန်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒီတိုက်ပွဲမဖြစ်ခင် အရင် ပြီးခဲ့တဲ့လတွေက နှစ်ဘက်နားလည်မှုနဲ့ ရပ်စဲတုန်း အဲလိုသေနတ်သံတွေ မကြားတဲ့ အခါဆိုရင်တော့ တစ်မျိုးပေါ့။ စဉ်းစားလို့ရတယ်ပေါ့။ အခုက ဟိုမှာလည်း တိုက်ပွဲ၊ ဒီမှာလည်း တိုက်ပွဲဆိုတော့ လုံးဝ ပြန်နိုင်မှာမဟုတ်ဘူး”ဟု ပြောသည်။  

ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောခိုင်းသည်ဟုဆိုကာ ကျေးရွာ အုပ်စုစာရေးက စစ်ဘေးရှောင်စခန်းများကို ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလာသည်ဟုဆိုသည်။

 

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ကျောက်တော် ယိုးချောင်း အထက်ဘက်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၄ဝဝ ကျော်ရှိပြီး  ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ၎င်းကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၈၉ဝ ကျော်ရှိကြောင်း သိရသည်။

“အခုက နိုင်ငံရေးအခြေအနေလည်း မကောင်းတော့ တကယ်လို့ သူတို့ ပြန်ခိုင်းရင်လည်း ကျနော်တို့က မပြန်နိုင်ကြောင်းကို တင်ပြမယ်လို့ ကျနော်တို့က စီစဉ်ထားပါတယ်။ စစ်ရေးတင်းမာမှုတွေလည်း ရှိနေတယ်လေ။ အဲဒါကြောင့် မပြန်နိုင်တဲ့အကြောင်းကို ပြောမယ်လို့ ကျနော်တို့ကြားမှာ ဆွေးနွေးထားပါတယ်။ မြို့နယ်က ဖြစ်ဖြစ် ခေါ်ရင် အဲလိုပြောမယ်လို့ စဉ်းစားထားကြပါတယ်”ဟု ပြောသည်။

ကန်စောက်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတွင်မူ ကျောက်တော်မြို့နယ် ပြိုင်းတိုင်း၊ တင်းမ၊ မီးဝနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ့်စင်းကျေးရွာဘက်တို့မှ စစ်ဘေးရှောင်ဦးရေ ၂ဝဝ ကျော်ရှိသည်ဟု သိရသည်။

သူတို့သည် ကျောက်တော်အထက်ဘက်မှဖြစ်ကြပြီး ယင်းဒေသများတွင် လက်ရှိ တကျော့ပြန် တိုက်ပွဲများပြင်းထန်နေသလို ကုန်းလမ်းနှင့် ရေလမ်းတို့ကိုပါ စစ်ကောင်စီက ပိတ်ထား၍ နေရပ်ပြန်ရန် လုံးဝမဖြစ်နိုင်သေးဟု စခန်းတာဝန်ခံ ဦးထွန်းထွန်းနိုင်က နိရဥ္စရာကို ပြောသည်။

“ကျနော်တို့ ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲလည်း ရှိသလို ကျနော်တို့ရွာနီးပတ်ဝန်းကျင်မှာ ကန့်သတ်ထားတဲ့နေရာတွေလည်း ရှိတယ်လေ။ အဲဒါကြောင့် အခုပြန်မယ်ဆိုရင် ကျနော်တို့ဟာ တကယ့်တကယ် မလုံခြုံသလိုတော့ တွေ့မှာပဲ။ ပြန်ဖို့အစီအစဉ်လည်း အခုလက်ရှိတော့ မရှိသေးဘူး”ဟု ပြောသည်။

ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၁၁ ခုကိုမူ နေရပ်ပြန်မည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းကြားမှုမျိုးမျှ မရှိသေးဟု စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးမောင်အေးစောက ပြောသည်။

“မြို့ပေါ်မှာတော့ ကျနော်တို့ကွပ်ကဲမှုအောက်မှာရှိတဲ့ စခန်း ၁၁ ခုကိုတော့ ပြန်လို့ မပြောသေးဘူး”ဟု ပြောသည်။

ယခုနေရပ်ပြန်ခိုင်းသည့်စစ်ဘေးရှောင်စခန်း ၃ ခုအပါအဝင် ကျောက်တော်မြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...