FPNCC အဖွဲ့ဝင်များတွေ့ဆုံမှု ရလာဒ်ကောင်းခဲ့ဟု ဒေါက်တာ ညိုထွန်းအောင်ပြော

FPNCC အဖွဲ့ဝင်များတွေ့ဆုံမှု ရလာဒ်ကောင်းခဲ့ဟု ဒေါက်တာ ညိုထွန်းအောင်ပြော
ယခုလအတွင်းက FPNCC အဖွဲ့ဝင်များ တွေ့ဆုံမှုကို တွေ့ရစဉ်။ (Photo Crd – The KoKang)
ယခုလအတွင်းက FPNCC အဖွဲ့ဝင်များ တွေ့ဆုံမှုကို တွေ့ရစဉ်။ (Photo Crd – The KoKang)

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များသည် ယခုလအတွင်း “ဝ”ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အဆိုပါဆွေးနွေးမှုမှာ ရလာဒ်ကောင်းခဲ့သည်ဟုပြောသည်။

“ကျွန်တော်အနေနဲ့ ဘာအကြောင်းအရာတွေကို ဆွေးနွေးတယ်ဆိုတာကို ဖော်ပြလို့မရပေမယ့် ဒီနေရာကိုရောက်နေတယ်ဆိုရင် ဘာလုပ်နေလဲဆိုတဲ့အပေါ်မှာ အခြေခံပြီး ဖြေကြားလိုပါတယ်”ဟု ဒေါက်တာ ညိုထွန်းအောင်က ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် ULA/AA ၏ ပဉ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။

ရခိုင်အနောက်ဘက်ခြမ်းတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင့်တပ်တော် (AA) က UWSA နှင့်တွေ့ဆုံမှုသည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ညှိနှိုင်းမှု (သို့မဟုတ်) လက်နက်အကူအညီတောင်းသည့် ကိစ္စများရှိနိုင်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်သည့် ဦးရဲထွန်းက သုံးသပ်ပြောဆိုသည်။

“အစိုးရတပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ထားတာတွေလည်းရှိတယ်။ အစိုးရဲ့လေကြောင်းက တိုက်ခိုက်မှုတွေရှိနေတော့ အခုတွေ့ဆုံဆွေးနွေးမှုက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် AA နဲ့အစိုးရတို့ တွေ့ဆုံဆွေးနွေးဖို့ ကြားဝင်ပြီးတော့ စေ့စပ်ဆွေးနွေးဖို့ ညှိနှိုင်းတာမျိုးတွေပါနိုင်သလို AA ကနေပြီးတော့ အစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ဖို့ FM 6 လို လက်နက်တွေ တောင်းခံတာ၊ အကူအညီတောင်းတာမျိုးတွေလည်းရှိနိုင်တယ်”ဟု ဦးရဲထွန်းကသုံးသပ်သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် ခေါင်ဆောင် အသစ်များခန့်အပ်ထားပြီး အဆိုပါခေါင်းဆောင်များနှင့်တွေ့ဆုံရန် ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မိုင်းလားသို့သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းမှတစ်ဆင့် UWSA ထိန်းချုပ်ရာ ပန်ဆန်းတွင် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုကော်မတီ (FPNCC) တွင် ပါဝင်သည့် အဖွဲ့ဝင် (၇) ဖွဲ့နှင့်တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းအဖွဲ့များ တွေ့ဆုံညှိနှိုင်းမှုများသည် သဘာဝကျပြီး စစ်ရေးဗျူဟာအရလည်း ပူးပေါင်းမှုများရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောဆိုထားသည်။

FPNCC အဖွဲ့ဝင်များကြား မတွေ့ဆုံသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် လက်ရှိအသစ်ခန့်အပ်ထားသည့် UWSA ခေါင်းဆောင်များနှင့် ပိုမိုရင်းနှီးမှုများရရှိနိုင်ရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ကပြောသည်။

“ကျွန်တော်တို့ FPNCC အဖွဲ့အချင်းချင်းကြားမှာ အရင်ကထက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာအောင် မတွေ့တာကြာပြီဖြစ်တဲ့အတွက် တစ်ဖွဲ့ချင်းတွေရဲ့ အခြေအနေတွေကိုလည်း တင်ပြရင်း၊ ရခိုင်ပြည်၊ ဗမာပြည်ထဲက အခြေအနေတွေကို အမြင်ချင်းဖလှယ်တာတွေပြောဖြစ်တယ်။ နောက်တစ်ခုက UWSA မှာ အသစ်ခန့်အပ်လိုက်တဲ့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ကြားမှာ ပိုပြီးရင်းရင်းနှီးနှီးနဲ့လက်တွဲပြီး အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေအများကြီးပါတယ်။ ဒီတွေ့ဆုံမှုဟာ လာမယ့်ကာလတွေအတွက်လည်း အများကြီး အကျိုးဖြစ်ထွန်းမယ့် တွေ့ဆုံမှုတစ်ခုဖြစ်တယ်”ဟု ဒေါက်တာ ညိုထွန်းအောင်ကပြောသည်။

ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်တော် (UWSA) ဦးဆောင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSAA)၊ တအောင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ မိုင်းလားတပ်မတော် (NDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...