FPNCC အဖွဲ့ဝင်များတွေ့ဆုံမှု ရလာဒ်ကောင်းခဲ့ဟု ဒေါက်တာ ညိုထွန်းအောင်ပြော

FPNCC အဖွဲ့ဝင်များတွေ့ဆုံမှု ရလာဒ်ကောင်းခဲ့ဟု ဒေါက်တာ ညိုထွန်းအောင်ပြော
ယခုလအတွင်းက FPNCC အဖွဲ့ဝင်များ တွေ့ဆုံမှုကို တွေ့ရစဉ်။ (Photo Crd – The KoKang)
ယခုလအတွင်းက FPNCC အဖွဲ့ဝင်များ တွေ့ဆုံမှုကို တွေ့ရစဉ်။ (Photo Crd – The KoKang)

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များသည် ယခုလအတွင်း “ဝ”ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အဆိုပါဆွေးနွေးမှုမှာ ရလာဒ်ကောင်းခဲ့သည်ဟုပြောသည်။

“ကျွန်တော်အနေနဲ့ ဘာအကြောင်းအရာတွေကို ဆွေးနွေးတယ်ဆိုတာကို ဖော်ပြလို့မရပေမယ့် ဒီနေရာကိုရောက်နေတယ်ဆိုရင် ဘာလုပ်နေလဲဆိုတဲ့အပေါ်မှာ အခြေခံပြီး ဖြေကြားလိုပါတယ်”ဟု ဒေါက်တာ ညိုထွန်းအောင်က ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် ULA/AA ၏ ပဉ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။

ရခိုင်အနောက်ဘက်ခြမ်းတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင့်တပ်တော် (AA) က UWSA နှင့်တွေ့ဆုံမှုသည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ညှိနှိုင်းမှု (သို့မဟုတ်) လက်နက်အကူအညီတောင်းသည့် ကိစ္စများရှိနိုင်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်သည့် ဦးရဲထွန်းက သုံးသပ်ပြောဆိုသည်။

“အစိုးရတပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ထားတာတွေလည်းရှိတယ်။ အစိုးရဲ့လေကြောင်းက တိုက်ခိုက်မှုတွေရှိနေတော့ အခုတွေ့ဆုံဆွေးနွေးမှုက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် AA နဲ့အစိုးရတို့ တွေ့ဆုံဆွေးနွေးဖို့ ကြားဝင်ပြီးတော့ စေ့စပ်ဆွေးနွေးဖို့ ညှိနှိုင်းတာမျိုးတွေပါနိုင်သလို AA ကနေပြီးတော့ အစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ဖို့ FM 6 လို လက်နက်တွေ တောင်းခံတာ၊ အကူအညီတောင်းတာမျိုးတွေလည်းရှိနိုင်တယ်”ဟု ဦးရဲထွန်းကသုံးသပ်သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် ခေါင်ဆောင် အသစ်များခန့်အပ်ထားပြီး အဆိုပါခေါင်းဆောင်များနှင့်တွေ့ဆုံရန် ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မိုင်းလားသို့သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းမှတစ်ဆင့် UWSA ထိန်းချုပ်ရာ ပန်ဆန်းတွင် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုကော်မတီ (FPNCC) တွင် ပါဝင်သည့် အဖွဲ့ဝင် (၇) ဖွဲ့နှင့်တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းအဖွဲ့များ တွေ့ဆုံညှိနှိုင်းမှုများသည် သဘာဝကျပြီး စစ်ရေးဗျူဟာအရလည်း ပူးပေါင်းမှုများရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောဆိုထားသည်။

FPNCC အဖွဲ့ဝင်များကြား မတွေ့ဆုံသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် လက်ရှိအသစ်ခန့်အပ်ထားသည့် UWSA ခေါင်းဆောင်များနှင့် ပိုမိုရင်းနှီးမှုများရရှိနိုင်ရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ကပြောသည်။

“ကျွန်တော်တို့ FPNCC အဖွဲ့အချင်းချင်းကြားမှာ အရင်ကထက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာအောင် မတွေ့တာကြာပြီဖြစ်တဲ့အတွက် တစ်ဖွဲ့ချင်းတွေရဲ့ အခြေအနေတွေကိုလည်း တင်ပြရင်း၊ ရခိုင်ပြည်၊ ဗမာပြည်ထဲက အခြေအနေတွေကို အမြင်ချင်းဖလှယ်တာတွေပြောဖြစ်တယ်။ နောက်တစ်ခုက UWSA မှာ အသစ်ခန့်အပ်လိုက်တဲ့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ကြားမှာ ပိုပြီးရင်းရင်းနှီးနှီးနဲ့လက်တွဲပြီး အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေအများကြီးပါတယ်။ ဒီတွေ့ဆုံမှုဟာ လာမယ့်ကာလတွေအတွက်လည်း အများကြီး အကျိုးဖြစ်ထွန်းမယ့် တွေ့ဆုံမှုတစ်ခုဖြစ်တယ်”ဟု ဒေါက်တာ ညိုထွန်းအောင်ကပြောသည်။

ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်တော် (UWSA) ဦးဆောင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSAA)၊ တအောင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ မိုင်းလားတပ်မတော် (NDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...