မြဝတီအာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေး ကောက်ခံလာ

မြဝတီအာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေး ကောက်ခံလာ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေးကောက်ခံမှုတွေ ပုံစံအသစ်နဲ့ လုပ်ဆောင် လာနေတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ အာရှလမ်းမကြီး တလျှောက်မှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လာသလို အဲဒီစစ်ဆေးရေးဂိတ်တွေမှာလည်း ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေအပေါ် ငွေကြေးကောက်ခံတာတွေ ဆက်တိုက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ အာရှလမ်းမကြီးတစ်လျှောက် သွားလာနေကြရတဲ့ ကုန်တင်ကားတွေ အပါအဝင် ခရီးသည်ကားတွေကို လုံခြုံရေး အကြောင်းပြပြီး မထင်ရင် မထင်သလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

အခုအခါမှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးဂိတ်တွေမှာ သူတို့ကိုယ်တိုင် ငွေကြေး မကောက်ခံတာတွေ မလုပ်တော့ဘဲ အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေး ကောက်ခံလာတယ်လို့ နယ်စပ်ကုန်သည် တစ်ဦးက ပြောပါတယ်။

“လမ်းဘေးမှာ စခန်းလေးကနေပြီးတော့ ဘယ်လောက်ထိ လည်လို့ရှိရင် အရပ်သားတွေကို ငှားပြီးတော့ ပိုက်ဆံကောက်ခိုင်းတာ၊ ဘောင်းဘီတိုလေးတွေနဲ့ လွယ်အိတ်လေးလွယ်ပြီး ကုန်ကားတွေကို အဲဒီလို ‌ကောက်တာ။ပိုက်ဆံနည်းတဲ့ကားဆိုရင် ကားပေါ်တက်ပြီးတော့ စစ်သေးတာ။

အဲဒါတွေက စစ်သားတွေ မဟုတ်ဘူး။စစ်သားတွေက စခန်းနားမှာ အသာလေးထိုင်နေပြီး အရပ်သားတွေကို လပြတ်နဲ့ငှားပြီး ကောက်ခိုင်းနေကြတာ။ဒါသူတို့ရဲ့ မြဝတီလမ်းကြောင်းပေါ် တောင်ပေါ်တန်းမှာ ထပ်ပြီး‌တော့ ကောက်လာတဲ့ ပုံစံအသစ်ပေါ့” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က မြဝတီအာရှလမ်းမကြီးမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံတာအပြင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေကြောင့် ခရီးကြန့်ကြာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ငွေကြေးကောက်ခံရာမှာတော့ ကားအပေါ် မူတည်ပြီး တစ်စီးကို ကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ လောက်ထိ ကောက်ခံတာတွေ လုပ်ဆောင်နေပြီး အချက်အလက်မပြည့်စုံတဲ့ ကားတွေကိုဆိုရင် သိန်းနဲ့ချီ တောင်းခံနေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြဝတီ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ထိုင်းဘတ်ငွေ အဆမတန် မြင့်တက်လာပြီး ကုန်သွယ်မှု ရပ်တန့်လု နီးပါး ဖြစ်သွားခဲ့တာပါ။

လက်ရှိမှာတော့ ထိုင်းငွေ တစ်ဘတ်ကို မြန်မာငွေ ကျပ် ၉၀ လောက် ပြန်ဖြစ်လာတဲ့အတွက် ကုန်သွယ်မှုတွေ ပြန်လည် စတင်လာကြပေမယ့် ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှု ဆက်လက်ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို ပြောင်းအပါအဝင် စိုက်ပျိုးရေး ထွက်ပစ္စည်းတွေကို တင်ပို့နေတာ ဖြစ်ပြီး ထိုင်းကတော့ မြန်မာဘက်ကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...