AA နှင့်ဆက်စပ်ပြီး အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ဦးဖေသန်းကို ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်ခံရ

AA နှင့်ဆက်စပ်ပြီး အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ဦးဖေသန်းကို ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်ခံရ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို DMG သတင်းဌာနတွင် "အခု ရှုံးထွက်တိုက်ပွဲဖြစ်တယ်၊ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ ပြတ်ပြတ်သားသားတိုက်ပွဲ"ဟု AA နှင့်ဆက်စပ်ပြီး အင်တာဗျုးဖြေဆိုမှုကြောင့် တပ်မတော်အကြည်အညိုပျက် စေမှုပုဒ်မ- ၅၀၅ (က) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ) တိုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုသို့ အင်တာဗျုးဖြေဆိုမှုကြောင့် ဦးဖေသန်းကို အထက်မှညွှန်ကြားချက်အရဟုဆိုပြီး မြေပုံမြို့နယ်ရဲစခန်းမှ ဒုရဲမှူး စိုးထွန်းဦးက တရားလိုပြုလုပ်ကာ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) တွင် အမှုဖွင့် တိုင်တန်း ထားကြောင်း သိရှိရသည်ဟု ဦးဖေသန်းက DMG ကိုပြောသည်။

"သူတို့က တရားစွဲဆိုနိုင်ဖို့ တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက် နေတယ်လို့ပြောတယ်”ဟု ရဲစခန်းဘက်မှ ပြောပြချက်ကို ဦးဖေသန်းက ပြန်လည်ပြောပြသည်။

၎င်းကို အမှုဖွင့်နိုင်ရေးအတွက် အထက်ကညွှန်ကြားလာခြင်းဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရန်အတွက် အမှုကို ခိုင်မာစွာတည်ဆောက်နိုင်ရေးနှင့် တရားရုံးသို့တင်ပို့ရေးတို့ကိုလည်း မြေပုံမြို့နယ်ရဲစခန်းသို့ အပေါ်မှညွှန်ကြားထားကြောင်း ဦးဖေသန်းကဆက်လက်ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA) မှ စက်တင်ဘာလ ၁၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အရေးပေါ်ထုတ်ပြန်ချက်အပါအဝင် လက်ရှိရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်း၏ သဘောထားအမြင်များကို စက်တင်ဘာလ ၁၅ ရက်နေ့က Development Media Group (DMG) သတင်းဌာနမှ ဆက်သွယ်ပြီး အင်တာဗျူးတင်ဆက်ခဲ့သည်။

လက်ရှိတွင် ခရီးလွန်နေကြောင်းနှင့် ထိုသို့ အင်တာဗျုးဖြေဆိုမှုကြောင့် အမှုဖွင့်ခံရသည့်အပေါ် သဘောထားမှတ်ချက်မပေးလိုဟု ဦးဖေသန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက် မြေပုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရှိရန် DMG မှ ကြိုးပမ်းနေဆဲဖြစ်သည်။

ဦးဖေသန်းသည် ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် ပါတီမှ နှုတ်ထွက်ခဲ့သည်။ လက်ရှိတွင် ဦးဖေသန်းသည် ရခိုင်ရေးရာကိစ္စများနှင့်ပတ်သက်ပြီး သတင်းဌာနများကို တက်ကြွစွာ အင်တာဗျူးဖြေဆိုနေသူတစ်ဦးလည်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...