ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်နက်ကြီးကျည်ကျရောက်မှု စစ်ကောင်စီနှင့် AA တို့ အပြန်အလှန်စွပ်စွဲ

ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်နက်ကြီးကျည်ကျရောက်မှု စစ်ကောင်စီနှင့် AA တို့ အပြန်အလှန်စွပ်စွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘင်ဒရိုဘင်ခရိုင်၊ ခေါင်းတုံးဒေသအတွင်းသို့ စက်တင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းက လက်နက်ကြီးကျည်ကျရောက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပြန်အလှန်စွပ်စွဲကြသည်။

ထိုလက်နက်ကြီးကျည်ကျရောက်မှုကြောင့် အသက် ၁၇ အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ နောက်ထပ် ၅ ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ထိုဖြစ်ရပ်မှာ မြန်မာစစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့်ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။

“စစ်ကောင်စီရဲ့ အရပ်ဖက်ပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ မဆင်မခြင် ရမ်းသန်းပစ်ခတ်နေတဲ့လုပ်ရပ်တွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ကောင်စီတပ်ရဲ့ လူသားမဆန်စွာ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီကလည်း ထိုလုပ်ရပ်မှာ မိမိတို့လက်ချက်မဟုတ်ဘဲ AA နှင့် ARSA တို့ပူးပေါင်း၍ ရဲကင်းစခန်းများကို ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များဖြစ်ပြီး ယင်းကျည်များမှာ ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးကို ကျော်လွန်ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

AA အဖွဲ့သည် ARSA အဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက စွပ်စွဲထားသည်။

ရက္ခိုင့်တပ်တော်သည် ARSA အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သည်ဟု စစ်ကောင်စီက ရံဖန်ရံခါစွပ်စွဲတတ်ပြီး ရက္ခိုင့်တပ်တော်ဘက်ကလည်း လုံးဝပူးပေါင်းဆောင်ရွက်ခြင်းမရှိဟု အစဉ်တစိုက်ပြောဆိုထားသည်။

မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ၎င်းတို့စခန်းအားပြန်လည်ရရှိရေးအတွက် ယခုရက်ပိုင်းအတွင်း ဂျက်လေယာဉ်များဖြင့် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ ပြောဆိုထားသည်။

မြန်မာဘက်က ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုများ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ယင်းပြဿနာကို ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ပါက ကုလသမဂ္ဂထံ တိုင်ကြားသွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ကျည်များကျရောက်မှုကြောင့် မြန်မာသံအမတ်ကို သုံးကြိမ်တိုင်ဆင့်ခေါ် သတိပေးခဲ့ကြောင်းလည်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...