တောင်ကုတ်တွင် စစ်ကောင်စီ ရေတပ်ဇက်ရေယာဉ်တစ်စီးကို အေအေက လက်နက်ကြီးနှင့်ပစ်ခတ်

တောင်ကုတ်တွင် စစ်ကောင်စီ ရေတပ်ဇက်ရေယာဉ်တစ်စီးကို အေအေက လက်နက်ကြီးနှင့်ပစ်ခတ်
ဓာတ်ပုံ- ပစ်ခတ်မရခံရမီ ၎င်းရေတပ်ဇက်ရေယာဉ်ကို တွေ့ရစဉ်
ဓာတ်ပုံ- ပစ်ခတ်မရခံရမီ ၎င်းရေတပ်ဇက်ရေယာဉ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ချောင်းထဲတွင် စစ်ကောင်စီရေတပ် ဇက်ရေယာဉ်တစ်စီးကို  ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် ထိမှန်သွားပြီး အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့ မှ စစ်သားများနှင့် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများကို တင်ဆောင်ပြီး တောင်ကုတ်ချောင်းအတိုင်း ထွက်ခွာလာသော ရေတပ်ဇက်ရေယာဉ်ကို ရွှေလင်းယုန် သင်္ဘောဆိပ်ကမ်းအလွန်တွင် အေအေက လက်နက်ကြီးများဖြင့် စက်တင်ဘာ ၁၆ ရက် နေ့လယ် တစ်နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"တောင်ကုတ်မြို့စွန် ရွှေလင်းယုန်သင်္ဘောဆိပ်ကမ်းနားမှာ စစ်ပစ္စည်းတွေ တင်ပြီး ထွက်ခွာလာတဲ့ ရေတပ်ဇက်ရေယာဉ်ကို အေအေက တောင်ထက်က ပစ်တာလို့ကြားပါတယ်။ သင်္ဘောကနေလည်း အပြန်အလှန်ခုခံ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ အဲ့ဒီသင်္ဘောကတော့ အလယ်တည့်တည့်မှာ ထိတယ်လို့လည်း သတင်းတွေထွက်နေတယ်။ စစ်ကောင်စီ တပ်သားတွေလည်း အဲ့ဒီ ရေယာဉ်ပေါ်မှာပါသွားတော့ အသေအပျောက် ရှိတယ်ပြောပါတယ်။ သေတာ၊ ပြုတာ၊ ဒဏ်ရာရတာတွေတော့ အတည်တော့မပြုနိုင်ပါဘူး"ဟု ၎င်းက ပြောသည်။

အေအေက လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ပြီးနောက် ဇက်သင်္ဘောမှလည်း လက်နက်ကြီး၊ လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း ရွှေလင်းယုန်သင်္ဘောဆိပ်အနီးရှိ ဘီလူးကြီးတောင် (ငှက်ပျောချောင်း) နေရာဘက်က ပစ်ခတ်သံများမှာ နာရီဝက်ခန့်ကြားလိုက်ရကာ ရပ်တန့်သွားကြောင်း သိရသည်။

"လက်နက်ကြီးသံ ၁၆ ချက်လောက်ရှိပါမယ်။ ပစ်သံကြားရပါတယ်။ လက်နက်ကြီးကကျတော့ အေအေဘက်ကပစ်တာလို့ သိရပါတယ်။ လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်တာမျိုးလည်းရှိခဲ့ပါတယ်။ ပထမဆုံးလက်နက်ကြီးသံနှစ်ချက်ကို တစ်နာရီခွဲလောက်မှာ စကြားရတာပါ။ အဲ့ဒီနောက်မှာ လက်နက်ငယ်နဲ့ အပြန်အလှန်ပစ်ခတ်သံတွေ ကြားရပြီးနောက်မှာ လက်နက်ကြီးသံတွေဆက်တိုက် ထွက်လာတာပါ။  မိနစ် နှစ်ဆယ်လောက်မှာတော့ လုံးဝ အသံတိတ်သွားပါတယ်"ဟု ၎င်းက ပြောသည်။

နောက်ထပ် ဒေသခံမျက်မြင်တစ်ဦးကလည်း ယင်းရေယာဉ်မထွက်ခွာမီ ရေယာဉ်ပေါ်ကို နေ့လယ် ၁၂ နာရီခန့်က တောင်ကုတ်တပ်ရင်းများမှ ကား ၁၂ စီးဖြင့် စစ်သားများကို ပို့ဆောင်ပေးခဲ့သည်ဟု ပြောဆိုသည်။

လက်ရှိတောင်ကုတ်မြို့မှာ ဖြစ်ပျက်ခဲ့သည့်အခြေအနေနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

https://burmese.narinjara.com/news/detail/632441852ed50477a609658b

Most read this week

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...