KNU ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က ဒေသခံရွာသားတွေကို အတင်းအဓမ္မ မောင်းထုတ်နေ

KNU ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က ဒေသခံရွာသားတွေကို အတင်းအဓမ္မ မောင်းထုတ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)ထဲမှာ စစ်ကောင်စီ တပ်က ဒေသခံရွာသားတွေကို အတင်းအဓမ္မမောင်းထုတ်၊ ခြိမ်းခြောက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ KNU ထုတ်ပြန်ထား ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က KNU တပ်မဟာ (၃) ၊ မုန်းမြို့နယ် နိုကူကျေးရွာရှိ ပြည်သူတွေကို စစ်ကောင်စီတပ်က ကျေးရွာထဲမှာ မနေထိုင်ဖို့ အတင်းအဓမ္မ မောင်းထုတ်တာတွေပြုလုပ်ခဲ့ပြီး၊ စစ်ကောင်စီတပ်စစ်ကြောင်းတွေပြန်လာချိန်မှာ ကျေးရွာအတွင်း ရွာသားတွေ နေထိုင်တာတွေ တွေ့ရှိပါက အားလုံးကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုကြောင့် နိုကူရွာသားတွေဟာ ကျေးရွာကနေထွက်ခွာပြီး စစ်ကောင်စီတပ်ရဲ့ ဆိပ်ကြီးစခန်းကို ဖြတ်သန်းရောက်ရှိလာချိန်မှာ ရွာသူရွာသားတွေကို စစ်ကောင်စီတပ်က စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ရွာသားတွေရဲ့ ဖုန်း (၃၆) လုံးကိုလည်း အတင်းအဓမ္မသိမ်းယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ ရွာသူရွာသားတွေကို အတင်းအဓမ္မမောင်းထုတ် ခြိမ်းခြောက်မှုတွေကြောင့် ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲက ဒေသခံရွာသားတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဟာ မုန်းမြို့နယ် နိုကူကျေးရွာအတွင်း နေအိမ်ပေါင်း (၁၆၇) လုံးက လူဦးရေ (၉၄၅) ဦးကို အတင်းအဓမ္မမောင်းထုတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တွေအကြား ထိတွေ့တိုက်ပွဲ တွေ နေ့စဉ်လိုလိုဖြစ်ပွားနေတာရှိပြီး လက်ရှိမှာလည်း စစ်ဘေးရှောင်ဦးရေ အရေအတွက် များပြားလာနေလို့ အခက်အခဲများ စွာရင်ဆိုင် ကြုံတွေ့နေရကာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကေအဲန်ယူက  ထုတ်ပြန်ထားပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...