တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ
မိုးဗြဲမြို့ တစ်နေရာကိုတွေ့ရစဉ်။ Photo - CJ
မိုးဗြဲမြို့ တစ်နေရာကိုတွေ့ရစဉ်။ Photo - CJ

ကယား (ကရင်နီ) ပြည်နယ် မိုး‌ဗြဲ‌မြို့တွင် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ဒေသအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

မိုးဗြဲမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့မှ ယနေ့အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကာ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှစပြီး မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း KNDF မှ သတင်းရင်းမြစ်တစ်ဦးက‌ပြောသည်။

“ဖုန်းလိုင်းတွေ အကုန်ဆက်သွယ်လို့မရတော့တာ။ ဖြစ်နေတာက မိုးဗြဲမြို့ အနီးတဝိုက်ကို ဖြတ်ထားပါတယ်။ ကျနော်တို့ မြို့ထဲဝင်တဲ့အချိန်မှာ ဖုန်းတိုင်တွေ လုံးဝပျောက်သွားတာ ကြုံခဲ့ရတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကဆိုသည်။

မိုးဗြဲမြို့အနီးတဝိုက်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြို့တွင်း၌ကျန်ရှိနေသည့် ဒေသခံများကို အဆက်အသွယ် ပြုလုပ်ရန် ခက်ခဲနေသည့်အတွက် လုံခြုံရေးအရ စိုးရိမ်နေကြရကြောင်း မိုးဗြဲစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

“ဖုန်းနဲ့ လှမ်းဆက်သွယ်တာ လုံးဝကို မရဘူးဖြစ်နေတယ်။ သူတို့ပြောတာ မြို့နဲ့အနီးတဝိုက်ကို ဖုန်းလိုင်းအပိတ်ခံထားရတယ်လို့ သိရတယ်။ တောင်ကုန်းပေါ်ကို တက်ပြီးခေါ်မှ ဖုန်းခေါ်လို့ ရတယ်။ ဒါတောင်ခဏပဲ ခေါ်လို့ရတယ်။ ဒီလို ဖုန်းလိုင်းဖြတ်ထားတော့ အဲဒီမှာ ရှောင်လို့မရသေးတဲ့ ဒေသခံတွေရဲ့ လုံခြုံရေးတွေကို စိုးရိမ်နေရပါတယ်”ဟု မိုးဗြဲစစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

မိုးဗြဲမြို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများမှာ ယနေ့အချိန်အထိ ပြတ်တောက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

မိုးဗြဲမြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်များ ပြန်လည်စစ်ကြောင်းထိုးရန် ကြိုးပမ်းနေမှုကြောင့် မိုးဗြဲ-ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကိုပိတ်ထားပြီး မြို့တွင်း၌ကျန်ရှိနေသည့် ဒေသခံများအနေဖြင့် ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းစေလိုကြောင်း မိုးဗြဲဒေသကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

မိုးဗြဲဒေသ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “အခု မိုးဗြဲမှာဖုန်းလိုင်းကော လျှပ်စစ်မီးလိုင်းတွေပါ အကုန်ဖြတ်တောက်ခံထားရတယ်။ မြို့ထဲကကျန်နေတဲ့ ဒေသခံတွေအနေနဲ့ ဘေးကင်းစိတ်ချရတဲ့နေရာတွေကို အမြန်ဆုံး ပြောင်းရွှေ့ပေးကြဖို့ အသိပေးချင်ပါတယ်။ လက်ရှိ ကားလမ်းမကိုတော့ အသွားအလာကန့်သတ်ထားပါတယ်”ဟု ပြောသည်။

မိုးဗြဲမြို့နယ်၌ စက်တင်ဘာလ ၈ ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးများရှိကြောင်းလည်း သိရသည်။

ယခုလအတွင်း တိုက်ပွဲများတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ကလေးတစ်ဦးသေဆုံးခဲ့ကာ ဒေသခံ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အလုံး (၁၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...