ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို အစည်းအဝေးတက်ရန်သွားရောက်စဉ် မြန်မာစစ်တပ်ကဖမ်းဆီးလိုက်ပြီး တစ်ပတ်ခန့်ကြာသည့်တိုင် အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှသိရသည်။
ဖမ်းဆီးခံရထားသည့် ကျေးရွာအုပ်ချုပ်မှူးနှစ်ဦးမှာ မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းနှင့် တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှတို့ဖြစ်ကြသည်။
စက်တင်ဘာ ၃ ရက်နေ့က ဘူးသီးတောင်တပ်ရင်း (၂၃၄) စစ်ဗျူဟာ တာဝန်ရှိသူတို့က အနီးအနားမှကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို အစည်းအဝေးခေါ်ခဲ့ပြီး အဆိုပါအုပ်ချုပ်ရေမှူးနှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဦးကျော်လှ၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။
“အဲဒီနေ့က အစည်းအဝေးခေါ်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေ ၁၂ ယောက်သွားတယ်။ အဲဒီမှာ ၁၀ ယောက် ပြန်လွတ်လာတယ်။ နောက်နှစ်ယောက်ကို ဖမ်းဆီးထားလိုက်တယ်။ မိသားစုတွေသွားတွေ့တော့ သူတို့ (စစ်တပ်) ကဗျူဟာမှာ မရှိဘူးလို့ပြောတယ်။ တွေ့ခွင့်မရဘူး။ ဘာဖြစ်လို့ဖမ်းထားတယ်ဆိုတာလည်း ကျနော်တို့မသိရဘူး”ဟု ၎င်းကဆိုသည်။
ဘူးသီးတောင် တပ်ရင်း (၂၃၄) စစ်ဗျူဟာ တာဝန်ရှိသူတို့ခေါ်ယူသည့်အစည်းအဝေးသို့ နန်းရာကုန်း၊ ပြင်ရှည်၊ စံညှင်းဝ၊ လောင်းချောင်း၊ တပ်မင်းချောင်း၊ င/ကျည်ထောက်၊ မီးချောင်းခေါင်းဆွဲ၊ အင်းချောင်း၊ ပဒနာ၊ မီးကျောင်းဈေးနှင့် ဓားပိုင်ဆရာ စသည့်ကျေးရွာ ၁၂ ရွာမှ အုပ်ချုပ်ရေးမှူး ၁၂ ဦးတို့က သွားရောက်ခဲ့ကြသည်။
ယင်းအထဲမှ ၁၀ ဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း မီးကျောင်းဈေးအုပ်ချုပ်ရေးမှူးနှင့် တပ်မင်းချောင်းအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးထားခြင်းဖြစ်သည်။
အစည်းအဝေးတက်ရောက်ခဲ့သည့် အမည်မဖာ်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “အဲဒီနေ့က ကျနော်တို့ကို အစည်းအဝေးခေါ်ပြီးတော့ပြောတယ်။ AA ဘက်က အစည်းအဝေးခေါ်ရင်လည်းသွား။ ကျနော်တို့ဖက်ကခေါ်ရင်လည်း လာရမယ်လို့ပြောတယ်။ နောက်ပြီးတော့ ဖုန်းတွေကိုစစ်ဆေးတယ်။ အဓိက ဖုန်းနံပါတ်တွေ၊ ဓာတ်ပုံတွေကိုစစ်ဆေးတယ်။ ကျနော်တို့လည်း အဲဒီမှာ တစ်ညအိပ်ခဲ့ရတယ်”ဟု DMG သို့ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ဖမ်းဆီးခံထားရမူနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ဆက်လက်ပြီး ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို DMG ကဆက်သွယ်ရာ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်းပြောပြီး ဖုန်းချသွားခဲ့သည်။
လက်ရှိမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုများရှိနေကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်း (တောင်ပြို) ကျေးရွာမှ ကျေးရွာတာဝန်ခံနှင့် သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၂) သို့ အစည်းအဝေးသွားရာတွင် ဖမ်းဆီးခံလိုက်ရပြီး ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
ရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပြီး အဆိုပါတိုက်ပွဲဖြစ်စဉ်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာလည်း သံသယဖြင့်ဖမ်းဆီးခံရမှုများ ရှိလာနေပြီး မောင်တောဒေသရှိ တချို့အုပ်ချုပ်ရေးမှူးမှာလည်း နှုတ်ထွက်စာတင်ထားသည်ကို တွေ့ရသည်။







