ရှမ်းမြောက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းမြောက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုံးကျေးရွာနဲ့ ဆွန်လုံကျေးရွာနားမှာ နမ်အွမ်းဘက်က ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ဒီကနေ့ စက်တင်ဘာလ (၈) ရက်နေ့ မနက်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေကို KIA တပ်ရင်း (၉) ကနေ ဒီကနေ့ စက်တင်ဘာလ (၈) ရက်နေ့ မနက် (၉) နာရီ (၂၃) မိနစ်မှာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအနီး တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီဘက်က ဆွန်လုံကျေးရွာရှိ ရမ်မိရပ်ဖတွေကို ခေါ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာကြောင့် ရပ်မိရပ်ဖတွေကနေ ပြန်လည်တောင်းပန်ထားရတယ်လို့ အသက် (၂၈)

နှစ်ဝန်းကျင်ရှိ ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဆွန်လုံကျေးရွာက ရပ်မိရပ်ဖတွေကို ခေါ်ပြီး မင်းတို့ရွာနားမှာ KIA တွေ ပစ်တာက မင်းတို့ အပြစ်ဟုတ်တယ်ဆိုပြီး ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်။ ရပ်မိရပ်ဖ တွေက ရွာကိုတော့ မီးမရှို့ဖို့ အရမ်းတောင်းပန်ထားတယ်။ ” လို့ ဒေသခံက ဆိုပါတယ်။

KIA တပ်ရင်း (၉) ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ KIA တပ်ရင်း (၉) တပ်စခန်းဘက်ကို လှည့်ပတ် သွားခဲ့တယ်လို့လည်း မြေပြင်နဲ့ နီးစပ်တဲ့ သတင်း အရင်းအမြစ်တစ်ဦးကလည်း ပြောပါတယ်။

“ တပ်ရင်း (၉) ဘက်မှာ ဟုတ်တယ်။ လေယာဉ်က မနေ့က (၂) ကြိမ်လာတယ်။ ဒီမနက်က တစ်ကြိမ်ပဲ လာသွားတယ်။ ဘာမှတော့ မပစ်ဘူး” လို့ မြေပြင်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုခဲ့တာပါ။

 

ရှမ်းပြည်နယ်ဘက်မှာ စက်တင်ဘာလ (၄) ရက်နေ့က စစ်ရေးလှုပ်ရှားသွားလာနေတဲ့ KIA နဲ့ စစ်ကောင်စီတပ် တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ချိန် ကစပြီးတော့ ဒီကနေ့ချိန်ထိ ဆက်လက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့တဲ့အပြင် ကျည်စမှန်ပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...