မြဝတီနယ်စပ်တွင် တိုက်ပွဲပြင်းထန်နေပြီး ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

မြဝတီနယ်စပ်တွင် တိုက်ပွဲပြင်းထန်နေပြီး ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း ဖလူးနှင့် မင်းလက်ပံဒေသများတွင် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားသည်။

တိုက်ပွဲများ အရှိန်မြင့်တက်နေစဉ် ဇူလိုင် ၂၈ ရက်နေ့၊ နံနက်ပိုင်းက မြဝတီ-ဝေါလေလမ်းပိုင်းရှိ သုံးထပ် ကွေ့ ရပ်တော်မူဘုရားကုန်းနေရာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတစ်လုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါး ဒဏ်ရာပြင်းထန်စွာ ရရှိ ကာ ပျံလွန်တော်မူသွားခဲ့ရပြီး ကပ္ပိယနှစ်ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကာ ဘုရားကျောင်းဆောင်နှင့် သာသနိ က အဆောက်အအုံများပါ ပျက်စီးခဲ့ရသည်။

စစ်ရှောင်များကို ကူညီနေသူ ဒေသခံ အမျိုးသား တစ်ဦးက “ဂျက်ဖိုက်တာ ဗုံးကြဲသွားတာပါ။ အကုန်လုံး ပြေးရ တာပေါ့နော်။ အဲ့မှာ ဆရာတော်က ဒဏ်ရာပြင်းတော့ ပျံလွန်တော်မူသွားတယ်။ ကပ္ပိယ နှစ်ယောက်လည်း ဗုံးစ တွေထိပြီး အခု ဆေးရုံကို ပို့ထားရတယ်။ လက်နက်ကြီးသံ ဗုံးသံကတော့ နေ့တိုင်းပါပဲ ကြားနေရတာ” ဟု ပြောသည်။

စစ်တပ်ဘက်မှ မင်းလက်ပံအနီးရှိ KNLA ၏ ခြေကုပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရန် တစ်နှစ်နီးပါးအထိ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း တော်လှန်ရေးတပ်များ၏ ခုခံပိတ်ဆို့မှုကြောင့် ရှေ့မတိုး နိုင်ဘဲ ဖြစ်နေသည်။

ထို့နောက် နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၄) နှင့် ခွဲထွက် DKBA အဖွဲ့တို့ပါ ပူးပေါင်းကာ မဲကနယ်-ဖလူး တောလမ်းဘက်မှ တစ်ဆင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာခဲ့ခြင်း ဖြစ် သည်။

စစ်တပ်၏ ပူးပေါင်းစစ်ကြောင်းသည် မဲကနယ်-ဖလူးတောလမ်းမှတစ်ဆင့် စစ်ကြောင်းထိုးလာခဲ့ရာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖလူးလေးရွာအကျော်၌ KNU တပ်မဟာ (၆) ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ သည်။

ကရင်သတင်းရင်းမြစ်တစ်ဦးက “ဖလူးလေးရွာအကျော်က ကျောက်ခွဲစက်အနောက်ဘက်မှာ DKBA ထိန်းချုပ် တဲ့ ကျားဖြန့်ဝင်းတစ်ခုထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်က အထိများနေတယ်” ဟု ပြောသည်။

အဆိုပါ ဖလူးလေးရွာအကျော်ရှိ ကျားဖြန့်ဝင်းနေရာမှတစ်ဆင့် ရှေ့သို့ ဆက်လက်ချီတက်ပါက မြဝတီ-ဝေါလေ ကားလမ်းပေါ်တွင် တည်ရှိသည့် သုံးထပ်ကွေ့နေရာသို့ ရောက်ရှိမည်ဖြစ်သည်။

လက်ရှိတွင် မြေပြင်စစ်ကြောင်းများ ရှေ့ဆက်တိုးနိုင်ရေးအတွက် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ အပြင် မော်တာများ၊ အတွဲလိုက်ပစ်ဒုံးများဖြင့်ပါ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

ထိုသို့ တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံဘက်ခြမ်းအထိ ကျည်ဆန်များ ကျရောက်ပေါက်ကွဲမှုများ ရှိနေခြင်းကြောင့် နယ်စပ်နေဒေသခံ ပြည်သူ များမှာ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

Most read this week

August 19, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ NUG အမှတ် (၁) စစ်ဒေသ ထိန်းချုပ်ထားသည့်...
August 19, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ထံ စစ်မှုထမ်းရန် လာရောက်...
August 19, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့သည်မှာ ၃ ပတ်နီးပါး...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 18, 2026
မကွေးတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်နေသည့်အပြင်...