ရခိုင်တွင် ပြည်သူများ စားဝတ်နေရေးကျပ်တည်းနေချိန် ညမထွက်ရအမိန့်ကို သက်တမ်းတိုးထုတ်ပြန်သည့်အပေါ် ဒေသခံများကဝေဖန်ကြ

ရခိုင်တွင် ပြည်သူများ စားဝတ်နေရေးကျပ်တည်းနေချိန် ညမထွက်ရအမိန့်ကို သက်တမ်းတိုးထုတ်ပြန်သည့်အပေါ် ဒေသခံများကဝေဖန်ကြ

ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် ယမန်နေ့ကစတင်ပြီး ညမထွက်ရ ပုဒ်မ-၁၄၄ အမိန့်ကို ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်သောကြောင့် ဒေသခံများကဝေဖန်နေကြသည်။

အဆိုပါမြို့နယ်တွင် ယခင် ၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ပုဒ်မ (၁၄၄) မှာ သက်တမ်းကုန်ဆုံးသွားသဖြင့် ယခုစက်တင်ဘာလ ၂ ရက်နေ့မှစတင်ကာ နောက်ထပ် ၂ လ တိုးမြှင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒါက အရင်သက်တမ်းကုန်သွားလို့ အခုထပ်ပြီးတော့ ထုတ်ပြန်တဲ့သဘောပေါ့။ အခုသက်တမ်းက ၂ လ ထပ်တိုးတာဆိုပြီး ထုတ်ပြန်ချက်ထဲမှာတော့ တွေ့ရတယ်။ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးတွေဆီကိုလည်းညွှန်ကြားတယ်လို့ စာထဲမှာဖော်ပြထားတာကိုတွေ့ရတယ်”ဟု မြေပုံမြို့ခံတစ်ဦးကပြောသည်။

ညမထွက်ရအမိန့်ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသော အကြမ်းဖက်မှုများဖြစ်သည့် မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း စသည့်ဖြစ်စဉ်များကြောင့် ထုတ်ပြန်ရသည်ဟုဖော်ပြသည်။

ယခင်က မြေပုံမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ည (၉) နာရီမှ နံနက် ၅ နာရီအချိန်ထိသတ်မှတ်ထားခဲ့ပြီး ယခုအခါ ည (၁၀) နာရီမှ နံနက် (၅) နာရီအထိသာ အကျုံးဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်တွေ့ရသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်ကို ဆက်သွယ်ခဲ့ရာတွင် “ဒါက လိုအပ်လို့ထုတ်ပြန်တာပါ။ ပုံမှန်ပါပဲ”ဟု DMG ကိုပြောသည်။

ထို့သို့ ညမထွက်ရအချိန်ကန့်သတ်ထားမှုကြောင့် တော၊ တောင်ကိုအမှီပြုကာ လုပ်ကိုင်နေသူများ၊ လယ်သမားများနှင့် မြစ်၊ ချောင်းတို့တွင် ငါးဖမ်းနေသူများအပြင် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များတွင် ဒေသခံတို့အတွက် အခက်အခဲဖြစ်စေနိုင်ကြောင်းလည်း ဒေသခံများကဆိုသည်။

မြေပုံမြို့ခံတစ်ဦးက “သူတို့က အကြောင်းပြချက်မျိုးစုံနဲ့ ဥပဒေကို လိုသလိုလုပ်နေတဲ့အခါကျတော့ အခြေခံလူတန်းစားတွေ နစ်နာရတာပေါ့၊ ကျနော်တို့တွေက တော၊ တောင်၊ မြစ်ချောင်း ရေမြေသဘာဝတွေကို အမှီပြုပြီး ဝမ်းစာရှာဖွေ နေရတဲ့အခါကျတော့ နေ့တွေ၊ ညတွေကို ရွေးလို့မှမရတာ၊ အခုလို ညမထွက်ရ အမိန့်ရှိနေတော့ ကျနော်တို့ရဲ့ စားဝတ်နေရေး ကိုထိခိုက်တယ်”ဟု ပြော သည်။

လက်ရှိကာလသည် ကုန်ဈေးနှုန်းများဈေးတက်နေမှု၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် ပြည်သူများအခက်အခဲရှိနေကြသည့်အတွက် ထိုအမိန့်အားဖြေလျော့သင့်ကြောင်းလည်း မြေပုံမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်ဝင်းကသုံးသပ်ပြောဆိုသည်။

“သဘာဝကိုမှီတွယ်ပြီးတော့ ရှာဖွေစားသောက်နေကြရသူတွေ အတွက် ဒီအမိန့်ဟာ ခြေ၊ လက်ကို ရိုက်ချိုးခံရတာနဲ့ အတူတူပဲ။ စားဝတ်နေရေး ဒီလောက်ကြပ်တည်းနေတဲ့ကာလမှာ ဒါမျိုးထပ်ပြီးလုပ်နေတာဟာ အခြေခံလူတန်းစားကို ပိုပြီးတော့ဒုက္ခရောက်စေတယ်”ဟု ဦးအောင်ဝင်းကဆိုသည်။

အလားတူ ပြီးခဲ့သည့်ဩဂုတ်လ ၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ ထပ်မံတိုးမြှင့်ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။ လက်ရှိတွင် ညမထွက်ရအမိန့်ကို မြောက်ဦး၊ အမ်း၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်လည်း ၂ လတစ်ကြိမ် သပ်တမ်းတိုးထုတ်ပြန်နေကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယခင်တိုက်ပွဲပြင်းထန်ခဲ့သည့်ကာလတွင်လည်း ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေးအတွက်ဟုဆိုကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...