လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝဒေသခံ ၅၀၀ ကျော် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးရ

လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝဒေသခံ ၅၀၀ ကျော် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးရ
အိန္ဒိယနယ်စပ်သို့ မြိတ်ဝကျေးရွာသား ထွက်ပြေးနေစဉ်။ (Photo– AA Info Desk)
အိန္ဒိယနယ်စပ်သို့ မြိတ်ဝကျေးရွာသား ထွက်ပြေးနေစဉ်။ (Photo– AA Info Desk)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အိန္ဒိနယ်စပ်အနီးတွင် မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခတ်မှုကြောင့် မြိတ်ဝကျေးရွာမှ ဒေသခံ ၅၀၀ ကျော်မှာ ကျေးရွာအတွင်း နေထိုင်၍ မရတော့သဖြင့် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃၁) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝ ကျေးရွာ၏ အနောက်ဖက် မီတာ (၅၀၀) ခန့် အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြိတ်ဝတောင်ပေါ်ရှိ မြန်မာစစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံများမှာ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ပလက်ဝမြို့ ဒေသခံတစ်ဦးက DMG သို့ပြောသည်။

“အဲဒီ မြိတ်ဝကျေးရွာအနီးမှာရှိတဲ့ တောင်ပေါ်မှာ တိုက်ပွဲဖြစ်တာတွေရှိတယ်လို့ သိရတယ်။ မြိတ်ဝတောင်ပေါ်မှာ မြန်မာစစ်တပ်စခန်းတစ်ခုရှိတယ်။ အဲဒီတောင်ကနေ မြိတ်ဝရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်တာကြောင့် ဒေသခံတွေ ကြောက်ပြီး အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးသွားကြတာပါ”ဟု ၎င်းကဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းတို့ကြောင့် မြိတ်ဝရွာသူ၊ရွာသားများမှာ နယ်စပ်ဘက်ကို စစ်ဘေးရှောင်လာကြသောအခြေအနေကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ (စက်တင်ဘာလ ၂ ရက်) တွင် ဗီဒီယိုဖိုင်ဖြင့် ဖော်ပြခဲ့သည်။

ထိုသို့ ပလက်ဝ-အိန္ဒိယနယ်စပ်တိုက်ပွဲများတွင် လေကြောင်းပစ်ခတ်မှုရှိသည်ဟု AA ပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါ။

လက်ရှိထွက်ပြေးနေရသည့် မြိတ်ဝကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၅၀၀ ကျော်ရှိကြောင်း ဒေသခံများထံမှသိရသည်။

“ပလက်ဝအထက်ဘက် အိန္ဒိယနယ်စပ်နားမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ နောက်ပြီး တိုက်ပွဲဆက်တိုက်ဖြစ်နေတာကတော့ ပလက်ဝမြို့ရဲ့အောက်ဖက် နှမဒါကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်တာရှိတယ်”ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ယမန်နေ့က DMG သို့ပြောဆိုသည်။

ယခင်စစ်ပွဲပြင်းထန်ခဲ့သည့်ကာလက ပလက်ဝမြို့ပေါ်သို့ ခိုလှုံရန်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိခဲ့ရာ ယခုရက်ပိုင်းတွင်လည်း အဘောင်သား၊ နှမဒါ၊ ရဲမဝ၊ တုံးမဝ၊ ကြက်ယက်ကိုင်း စသည့်ကျေးရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ခန့် တိုးလာ၍ လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်ခန့်ရှိ လာနေကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ဦးဇာနီက “ပလက်ဝမှာ စစ်ဘေးရှောင် ၆၀၀၀ လောက်ရှိတယ်။ အခု အသစ်တွေလည်း ထပ်တိုးလာတယ်။ နောက်ထပ်လည်း တိုးလာနိုင်ခြေရှိပါတယ်။ ဆိုတော့ အကုန်လုံးအခက်အခဲတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် လက်ရှိတွင် နေရာအနှံ့၌ စစ်ရေးတင်းမာမှုများရှိနေပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုတို့ ရှိလာနေသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...