အင်းတော်ကြီးဒေသရှိ ကျေးရွာ အများစုတွင် အာဏာသိမ်းကာလနောက်ပိုင်း ဆယ်ကျော်သက်အရွယ် မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာ

အင်းတော်ကြီးဒေသရှိ ကျေးရွာ အများစုတွင် အာဏာသိမ်းကာလနောက်ပိုင်း ဆယ်ကျော်သက်အရွယ် မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာ

မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသက ကျေးရွာတော်တော်များများမှာ အာဏာသိမ်းကာလနောက်ပိုင်း ဆယ်ကျော်သက်အရွယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာ များပြားလာတယ်လို့ သိရပါတယ်။

ရှစ်တန်း၊ ကိုးတန်းနဲ့ ဆယ်တန်း ကျောင်းသားအရွယ်တွေဟာ ဆေးလိပ်၊ ခပ်ပုံနဲ့ ရာမ သုံးစွဲတာအပြင် ဘိန်းဖြူ ထိုးသွင်းတာမျိုးထိရှိနေပြီး ကျောက်စိမ်းမှော်နဲ့ ရွှေမှော်တွေမှာ ရွှေတူး၊ ကယ်ရီဆွဲ စတဲ့ အလုပ်သွားလုပ်ကြရာကနေ အပေါင်းအသင်းတွေနဲ့ စမ်းသုံးကြရင်း မူးယစ်ဆေးဝါး သုံးစွဲတတ်သွားတာရှိသလို တချို့ရွှေလုပ်ကွက်တွေမှာ ညဆိုင်းဆင်းသူတွေကို လုပ်ကွက်လောပန်းတွေက ရာမ မူးယစ်ဆေးပေးတာမျိုးတွေ ရှိတာကြောင့် သုံးစွဲတတ်လာကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြား အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေဟာ ကျောင်းမတက်ဖြစ်တော့ဘဲ အပြင်လောကကို ရောက်သွားတဲ့အတွက် မူးယစ်‌ဆေးဝါး သုံးစွဲတဲ့ ကလေးတွေ များပြားလာတယ်လို့ အင်းတော်ကြီးဒေသ၊ ညောင်ပင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"ဆယ်ကျော်သက်တွေ အများစုက ဆေးလိပ်၊ ရာမ သောက်တယ်။ ဘိန်းဖြူကို သူတို့ထိတာနဲ့ မရှုတော့ဘူး တစ်ခါထဲ ဆေးထိုးအပ်နဲ့ သွင်းတော့တာ။ အရင်ကတော့ ကလေးတွေ သိပ်မများဘူး။ အာဏာသိမ်းတဲ့နောက် ကိုဗစ်ကြောင့်ရော ကလေးတွေ ပိုလွတ်လပ်သွားတာ။ အထိန်းအကွပ်မရှိဖြစ်သွားတာ။ အရင်က ကျောင်းပိတ်ရင်တောင် နောက်နှစ်အတန်းအတွက် ကျူရှင်‌ဝိုင်းတွေ တက်ပြီးနေတာ။ အခုက အပြင်ကို ရောက်သွားတာကြောင့်ပေါ့။"

အဲဒီဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေ များ‌ပြားနေပေမယ့် ဘယ်အဖွဲ့အစည်းကမှ ဖမ်းဆီး အရေးယူတာမျိုးမရှိတဲ့အတွက် မိုင်းနောင်ကျေးရွာဘက်မှာလည်း လွတ်လွတ်လပ်လပ် ရောင်းဝယ်နေကြသလို လုံးတုံနဲ့ မမုံကိုင်ကျေးရွာကြားက ရွှေတူးဖော်တဲ့နေရာ လမ်းနံဘေးမှာလည်း ရောင်းချတာတွေရှိ နေတဲ့အတွက် အလွယ်တကူဝယ်ယူလို့ ရနေတယ်လို့ သိရပါတယ်။

အခုလို အသက်မပြည့်‌သေးတဲ့ကလေးတွေ မူးယစ်ဆေးသုံးတာများလာတဲ့အတွက် ကလေးတွေရဲ့အနာဂတ်နဲ့ ရပ်ရွာအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ဖမ်းဆီးထိန်းသိမ်းတာမျိုး ပြုလုပ်စေချင်တယ်လို့ အသက် (၄၀) အရွယ် လုံး‌တုံ‌ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

"ဒေသက ကလေးတွေ အများပိုင်းပျက်စီးလာတော့ ကိုယ့်ရပ်ရွာ ၊ အသင်းတော် ပျက်စီးမှာ ကိုယ့်လူမျိုး ပျက်သုဉ်းမှာတွေကို စိုးရိမ်တာပေါ့။ ပြီးတော့ တစ်ခါတည်း ခံစားရမှာက ရွာထဲမှာ ခိုးဆိုးလုယက်တာ။ တလောကတောင် ဆိုင်ခန်းဖောက်တာ ၊ အိမ်ကကြက်တွေ ဆိုင်ကယ်တွေ ခိုးယူတာတွေ အများကြီးဖြစ်လာတာ။"လို့ ဆိုပါတယ်။

မူးယစ်သုံးစွဲတဲ့သူတွေ များလာသလို ရပ်ရွာအတွင်းမှာ ပစ္စည်းပျောက်ပျက်တာတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အင်းတော်ကြီးဒေသမှာ သာမက ဖားကန့်‌ ၊ ရှဒူးဇွပ် ၊ မြစ်ကြီးနား ၊ ဝိုင်းမော် စတဲ့ဒေသတွေအပြင် ပူတာအို၊ တီယန်‌ဇွပ်ကျေးရွာဘက်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေ များပြားနေတာဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...