ကျုံဒိုးမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရ

ကျုံဒိုးမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရ
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာရှိ သံဃာတစ်ပါးနှင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့။ (Photo - CJ)
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာရှိ သံဃာတစ်ပါးနှင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့။ (Photo - CJ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာအတွင်းသို့ ယမန်နေ့ (စက်တင်ဘာ ၆ ရက်) က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ကျုံဒိုးမြို့နယ် တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာအနီးသို့ တပ်မ (၂၂) မှ အင်အား (၅၀) ကျော်မှာ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး ဝင်ရောက်လာမှုကြောင့် ဒေသခံဦးရေနှစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများကပြောသည်။

မြောက်ကြာအင်းကျေးရွာသားတစ်ဦးက “စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ။ အဲလို စစ်ကြောင်းထိုးရင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်။ လက်နက်ကြီးပစ်တာ အချက်ရေအများကြီးပဲ။ တောင်ကြာအင်းရွာထဲကို မှန်တာရှိခဲ့တယ်”ဟု ၎င်းကပြောသည်။

ထိုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးမှာ ခြေထောက်၌ လက်နက်ကြီးစထိမှန်ခဲ့ကြောင်း စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူထံမှ သိရသည်။

“လက်နက်ကြီးနဲ့ စစ်တပ်ကပစ်လို့ ခြေထောက်ထိမှန်တာ ဘုန်းတော်ကြီးတစ်ပါးနဲ့ ဒေသခံအသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပါတယ်။ သူတို့ကို လက်ရှိအချိန်မှာ ဆေးကုသပေးထားပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ဝင်ရောက်ရန် ကြိုးပမ်းမှုကြောင့် ကေအန်ယူ တပ်မဟာ (၆) KNLA ပူးပေါင်းအဖွဲ့ဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်ကြာအင်းကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၅) လုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြာအင်းကျေးရွာသားတစ်ဦးက “ကျနော့်အိမ်ရှေ့က အိမ်တစ်လုံးနဲ့ လူငယ်ခန်းမဆောင် လက်နက်ကြီးမှန်လို့ ပျက်စီးသွားတယ်။ ရွာထဲကအိမ်တွေလည်း ပျက်စီးကုန်ပါပြီ”ဟု ပြောသည်။

ထိုသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများထိခိုက်မှုနှင့် နေအိမ်များ ပျက်စီးမှုရှိကြောင်း ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ယနေ့စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း မြောက်ကြာအင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲတို့ကြား တင်းမာမှုများရှိနေကြောင်း သိရသည်။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...