ပြောင်းဖူးကားဖြင့် ပါလာသော ရိုဟင်ဂျာ ၂၈ ဦး ဖမ်းခံရ

ပြောင်းဖူးကားဖြင့် ပါလာသော ရိုဟင်ဂျာ ၂၈ ဦး ဖမ်းခံရ

ပြောင်းဖူးတင်ကားဖြင့် လိုက်လာသည့် ရိုဟင်ဂျာ ၂၈ ဦး ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့တွင် ဖမ်းဆီးခံ ထားရသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန် - ပြည် ကားလမ်းဘေး မိုင်တိုင် ၈၉/၆ အနီးရပ်တန့်ထားသည့် ပြောင်းဖူး ကားပေါ်မှ ရိုဟင်ဂျာ ၆ ဦး၊ ကားဘေးအနီးမှ ၈ ဦးနှင့် ကားလမ်းဘေး ခြုံတောထဲက ၁၄ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မြို့ခံပရဟိတ တစ်ဦးက “အဓိက လူကုန်ကူးတဲ့ သူတွေကို ဖမ်းမိစေချင်တယ်။ သူတို့တွေက သိန်း ၆၀-၇၀ အကုန်ခံပြီးလာကြရတာ လူကုန်ကူးသူ မရှိရင်မလာဘူး” ဟု ပြောသည်။

ပြောင်းဖူးတင်ကားဖြင့် လိုက်လာကြသည့် အဆိုပါ ရိုဟင်ဂျာ ၂၈ ဦးကို စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၅ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ်က ထွက်လာကြသူများ ဖြစ်ပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၀ ဦး ဖြစ် သည်။ ၎င်းတို့သည် နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ခံထားရသူများ ဖြစ်သကဲ့သို့ လွတ်လပ်စွာ ခရီးသွားခွင့်လည်း ကန့်သတ်ခံ ထားရသူများ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ရိုဟင်ဂျာများသည် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းမှ တစ်ဆင့် ကားဖြင့် လိုက်ပါ လာသူများ ဖြစ်ပြီး ကားမဆန့်၍ ကျန်ခဲ့သူ ၁၈ ဦးလည်း ရှိသေးသည်ဟု ၎င်းတို့က ထွက်ဆိုထားသည်ဟု သိရ သည်။

လတ်တလောတွင် ထို ရိုဟင်ဂျာ ၂၈ ဦးကို လက်ပံတန်း ရဲစခန်းတွင် ချုပ်နှောင်ထားပြီး လူဝန်မှု ကြီးကြပ်ရေး (လဝက) ဥပဒေနှင့် အရေးယူရန် သက်ဆိုင်ရာက ဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ အမာမြို့၊ ဂယက်ကြီးကျွန်းအနီး ပင်လယ်ပြင် အစပ်နားကို မျှောပါလာသည့် စက်လှေ ၁ စီးပေါ်တွင် သေဆုံးနေသည့် ရိုဟင်ဂျာ ၆ ဦးနှင့်အတူ အသက်ရှင်လျက်ရှိသူ ၅၉ ဦးလည်း ဖမ်းဆီးခံထားရသည်။

ဓါတ်ပုံ - ပုံဟောင်း

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...