ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ ရေဘေးသင့်ဒေသများနှင့် အများပြည်သူသုံး လမ်းတံတားများကို ပစ်မှတ်ထားကာ လေကြောင်းမှ ရက်ဆက်ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာသို့ ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက စစ်တပ်က ဂျက်တိုက် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် တစ်ချိန်တည်းမှာပင် တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်ဘက်တွင်လည်း စစ်တပ်က စစ်ကူနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် ရမ်းဗြဲ-မအီ-တောင်ကုတ် အဝေးပြေးလမ်းမပေါ်ရှိ မင်းကြောင်းချောင်းတံတားကို ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့် ဗုံးကြဲဖျက်ဆီးခဲ့သည်။
လက်ရှိတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသည့် ရေဘေးသင့်ဒေသများကိုပါ စစ်တပ်က ညှာတာမှုမရှိဘဲ လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဂွမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ရသည့်အပြင်၊ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းတွင်လည်း ဂျက်ဖိုက်တာဖြင့် ဂွမြို့နယ်အတွင်းသို့ ၂ ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ဂွမြို့နယ်မှ ဒေသခံတစ်ဦးက “ကျနော်တို့မှာ ရေကြီးလို့ အိုးအိမ်တွေ ဆုံးရှုံးပြီး ပြေးစရာ မျက်နှာမရှိဖြစ်နေတဲ့ ကြားထဲ၊ အခုလို ဂျက်ဖိုက်တာနဲ့ လာဗုံးကြဲတော့ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိတော့ဘူး။ စစ်တပ်က အရပ် သားတွေ ဒုက္ခရောက်နေတာကို သိသိကြီးနဲ့ တမင်သက်သက် ရက်ရက်စက်စက် လုပ်နေတာ” ဟု ပြောသည်။
ဒေသခံများနှင့် စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ စစ်တပ်သည် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်အစပ် တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်ချေမှုန်းမှုကို အပြင်းအထန် ခံနေရသဖြင့် အကျပ်ရိုက်ကာ အာဏာပြလို၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြသည်။
ရခိုင်စစ်ရေးအခြေအနေ စောင့်ကြည့်သူတစ်ဦးက “စစ်တပ်က ရှေ့တန်းမှာ AA ကို မယှဉ်နိုင်တော့ဘူး။ ဒါကြောင့် ဧရာဝတီနဲ့ ရခိုင်အစပ်က စစ်ဗျူဟာမြောက် စစ်ဆင်ရေးတွေမှာ အထိနာလာတဲ့အခါ ပြည်သူတွေ သွားလာနေတဲ့ လမ်းတံတားတွေကို ဖျက်ဆီးတာ၊ ရေဘေးသင့်ဒေသတွေကို ဗုံးကြဲတာမျိုးလုပ်ပြီး ပြည်သူကို ဓားစာခံအဖြစ် ရည်ရွယ်ချက်ရှိရှိ ဖိအားပေး ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်တပ်၏ လမ်းကြောင်း ပိတ်ဆို့မှုများနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများ ကြောင့် ရေဘေးသင့်ပြည်သူများမှာ အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေဆဲဖြစ်သည်။
ထိုကဲ့သို့ ကူညီကယ်ဆယ်ရေး ခက်ခဲနေသည့်ကြားမှ စစ်တပ်၏ လေကြောင်းရန်ကိုပါ နေ့စဉ်နှင့်အမျှ စိုးရိမ်နေ ရသဖြင့် ဒေသခံပြည်သူများမှာ စစ်ဘေးနှင့် သဘာဝဘေးဒဏ်ကို နှစ်ထပ်ကွမ်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။







