BGF နှင့် စစ်ကောင်စီတို့ မှားယွင်းပစ်ခတ်မှုဖြစ်၊ လက်နက်ကြီးကြောင့် လူနေအိမ်နှင့် နွား ၈ကောင် ထိခိုက်သေဆုံး

BGF နှင့် စစ်ကောင်စီတို့ မှားယွင်းပစ်ခတ်မှုဖြစ်၊ လက်နက်ကြီးကြောင့် လူနေအိမ်နှင့် နွား ၈ကောင် ထိခိုက်သေဆုံး

ကော့ကရိတ်မြို့၊ အာရှလမ်းမပေါ်တွင် နယ်ခြားစောင့်တပ် (BGF) နှင့် ‌စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၅ရက်၊ ညနေ ၆နာရီ ၁၅မိနစ်အချိန်၌ အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ကော့နွဲကျေးရွာရှိ နေအိမ်နှင့် နွားများ ထိခိုက်သေဆုံးကြောင်း ရွာခံများထံမှ သိရသည်။

ဒေါနလင်းနှင့် ကော့နွဲတံတားနှစ်နေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ကော့ကရိတ်မြို့မှ တစ်တန်ကူး ဘက်သို့ ကားဖြင့်ပြန်တက်သွားသည့် နယ်ခြားစောင့်တပ်များကို ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့နွဲရွာထဲရှိ လူနေအိမ်တစ်လုံးပေါ် ကျရောက်ကာ နွား ၈ ကောင် ထိခိုက်သေဆုံးကြောင်း သိရ သည်။

"ထိခိုက်ထားတဲ့ နွား ၈ ကောင်လုံးတော့ ရောင်းလိုက်ပြီး။ နွား ၈ကောင်မှ ၁၃သိန်းခွဲပဲ ရတယ်။ ဘာမှမဖြစ်ရင်တော့ ၈ ကောင်ဆို သိန်း ၄၀ကျော်လောက်ရမယ်။ အခုတော့ ရသလောက်ပဲ ရောင်းလိုက်ပြီ။"ဟု နွားပိုင်ရှင်နှင့်နီးစပ်သူက ကေအိုင်စီသို့ ပြောသည်။

ကော့နွဲကျေးရွာရှိ ဒေသခံများသည် များသောအားဖြင့် ကျေးရွာအတွင်း ညဘက်မအိပ်စက်ဘဲ ရံဖန်ရံခါမှသာ ဝင်ထွက် ကြပြီး နွားများကို ချောင်းအနီးတဲများတွင် ချည်ထားရာမှ ပစ်ခတ်မှုများလာသည့်အတွက် လူနေအိမ်အောက်တွင် ပြန် ချည်ထားခြင်းဖြစ်သလို လက်နက်ကြီး ကျရောက်ခံရသည့် နေအိမ်ပိုင်ရှင်မှာလည်း ထိုင်းနိုင်ငံ၌ သွားရောက်အလုပ် လုပ်ကိုင်နေကြကြောင်း သိရသည်။

ယမန်နေ့က ပစ်ခတ်မှုမဖြစ်မှီတွင် နယ်ခြားစောင့်တပ်က အိမ်စီးကားဖြင့် ကော့ကရိတ်မြို့ဘက်သို့ မောင်းဝင်သွားရာ စစ်ကောင်စီ၏ မြို့အဝင်လမ်းများ ပိတ်ထားသည့်အတွက် မြို့ထဲဝင်မရဘဲ ဖြစ်နေ၍ လမ်းကြောင်းပြောင်း မောင်းထွက် ရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

"BGF တွေက မြို့ထဲဝင်ဖို့ လမ်းတွေဖွင့်ခိုင်းတယ်။ စစ်ကောင်စီက မဖွင့်ပေးဘူး။ စကားတွေများကြတယ် ကြားတယ်။ ဒါနဲ့ BGF တွေက အာရှလမ်းအတိုင်း တစ်တန်ကူးဘက်ကို အိမ်စီးကားနဲ့ သေနတ်ဖောက်ပြီး ပြန်လာတယ်။ တပ်စွဲထား တဲ့ စစ်ကောင်စီတွေက BGF ကားကို စောင့်ပြီး ပစ်လိုက်တယ်။"ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်နှင့် နယ်မြေခံ နယ်ခြားစောင့်တပ်တို့ မှားယွင်းပစ်ခတ်မှုမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်ဘက်မှ တပ်သားနှစ်ဦး ခြေထောက်နှင့် လက်တွင် ဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြောင်း နယ်ခြားစောင့်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...