မြောက်ဦးမြို့ခံ ကိုရင့်ဆို (ခ) ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားဟု စစ်ကောင်စီထုတ်ပြန်

မြောက်ဦးမြို့ခံ ကိုရင့်ဆို (ခ) ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားဟု စစ်ကောင်စီထုတ်ပြန်

ရခိုင်ပြည်၊ မြောက်ဦးမြို့မှ ဖမ်းဆီးခံရသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု စက်တင်ဘာလ ၆ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်နေ ဖိုးလပြည့် (ခ) ကျော်ဇံဝေ (ခ) ကိုရင်ဆို့သည် ၎င်းအသုံးပြုသည့် KYAW ZAN WAI Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ဖြူးခြင်းများ ပြုမူဆောင်ရွက်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

၎င်းကို စက်တင်ဘာ ၄ ရက်နံနက်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိတွင် အမှုဖွင့်လှစ်ထားသည်ဟုဆိုသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို စစ်ကောင်စီက ဖော်ပြထားခြင်းမရှိပေ။

ကိုရင်ဆို့နှင့်နီးစပ်သူတစ်ဦး၏ပြောပြချက်အရ ဖမ်းဆီးခံထားရသည့် ကိုကျော်ဇံဝေ (ခ) ကိုရင်ဆို့ကို ပုဒ်မ-၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု ကနဦးသိရှိရသည်။

“၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ တိကျတဲ့သတင်းရင်းမြစ်ကနေ သိရတာပါ။ ၁၉ ရက်နေ့အထိ ရမန်ယူထားတယ်။ အခုတော့ တပ်ထဲမှာရှိတယ်လို့ သိရပါတယ်”ဟု ၎င်းကပြောသည်။  

ကိုရင်ဆို့ကို စွပ်စွဲထားသည့်အမှုနှင့်ပတ်သက်ပြီး အမှုကိုရင်ဆိုင်ဖြေရှင်းရန် မိသားစုဝင်များမှ ပြင်ဆင်နေကြောင်းလည်း သိရသည်။

“ပုဒ်မတပ်မယ်လို့တော့ ပြောသံတွေကြားပါတယ်။ အခုချိန်ထိတော့ အကြောင်းကြားလာတာမရှိသေးပါဘူး။ ဘယ်လိုအနေထားပဲဖြစ်ဖြစ် မိသားစုကိုအကြောင်းကြားပေးစေချင်ပါတယ်။ ပုဒ်မတပ်ပြီး အမှုဖွင့်တယ်ဆိုရင်လည်း ဘယ်သူတွေကစွဲတယ်။ ဘယ်ပုဒ်မနဲ့အမှုဖွင့်တယ်ဆိုတာကို သိချင်ပါတယ်။ ဥပဒေအရတော့ဖြေရှင်းသွားမှာပါ“ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ယင်းပြင် ကိုကျော်ဇံဝေ၏ဇနီးဖြစ်သူ မအိကေခိုင်ကိုလည်း စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် ရဲမေများက စစ်ဆေးမေးမြန်ရန်လာရောက်ခေါ်သွား ခဲ့ပြီးနောက် ယင်းနေ့ည ၁၁ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

“ရဲမေတွေက မေးမြန်းစရာရှိလို့ဆိုပြီး မနက် ၁၀ နာရီလောက်မှာ လာခေါ်တာ။ ယောက်မက အဖော်လိုက်ပါသွားတာပါ။ ပြီးတော့ ၃၇၇ တပ်ရင်းကို ခေါ်သွားတယ်။ ပြီးမှ မြို့မရဲစခန်းကိုခေါ်သွားတယ်။ သူမယောက်ျား ဘာအလုပ်လုပ်တာလဲနဲ့ပတ်သက် လို့ မေးမြန်းခံရတယ်တဲ့”ဟု မိသားစုဝင်တစ်ဦးကပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် ကိုကျော်ဇံဝေ (ခ) ကိုရင်ဆို့ကို အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးခရိုင်စခန်းမှူးကို တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ အင်တာဗျူးမေးမြန်းရန် ရဲစခန်းသို့လာရောက်ခဲ့ပါဟုပြောဆိုကာ ဖုန်းချသွားခဲ့သည်။

ပုဒ်မ-၅၀၅ (က) မှာ သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားသည်။

ကိုကျော်ဇံဝေ (ခ) ကိုရင်ဆို့မှာ လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗွီဒီယိုများကို တင်ဆက်နေသူတစ်ဦးလည်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...