ဂွမြို့နယ်တွင် မွတ်ဆလင် ၁၇ ဦး ထပ်မံဖမ်းဆီးခံရ

ဂွမြို့နယ်တွင် မွတ်ဆလင် ၁၇ ဦး ထပ်မံဖမ်းဆီးခံရ
လျှော်ဖြူတောင်တံတားအနီးတွင် ဖမ်းဆီးခံရသည့် မွတ်ဆလင်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- ကိုကိုနိုင်(Facebook)
လျှော်ဖြူတောင်တံတားအနီးတွင် ဖမ်းဆီးခံရသည့် မွတ်ဆလင်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- ကိုကိုနိုင်(Facebook)

ရခိုင်ပြည် ပြင်ပထွက်ခွာပြီး အလုပ်လုပ်ရန်သွားသည့် မွတ်ဆလင် ၁၇ ဦးသည် ဂွမြို့နယ်အတွင်းတွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၇ နာရီခန့်က ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ရဟိုင်းဝန်းကျေးရွာ၊ လျှော်ဖြူတောင်တံတားအနီးတွင် မွတ်ဆလင်အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၅ ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ၎င်းတို့ကို မြန်မာစစ်တပ်နှင့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရဟိုင်းကူးတို့ အုပ်ချုပ်ရေးမှူးကပြောသည်။

“ကျနော်တို့က ဖမ်းပြီးတဲ့အခါမှ သိတာပါ။ စစ်တပ်နဲ့ပူပေါင်းတပ်ဖွဲ့တွေက သတင်းပေးချက်အရ လိုက်လံစစ်ဆေးတဲ့အခါ ကုန်တင်ကားပေါ်မှာတွေ့တာ။ အခုတော့ ဂွမြို့နယ်ရဲစခန်းမှာ ထိန်သိမ်းထားပါတယ်"ဟု ၎င်းကဆိုသည်။

မွတ်ဆလင်များကို မော်တော်ယာဉ်တစ်စီးဖြင့် တင်ဆောင်လာကြောင်းသတင်းရရှိ၍ တာဝန်ရှိသူများက အဆိုပါတံတားအနီး ယာဉ်သွားလာမှုများကိုစစ်ဆေးစဉ် ယာဉ်မောင်းအပါအဝင် ယာဉ်နောက်လိုက် ၂ ဦးနှင့် ယာဉ်ပေါ်တွင် ပုလင်းခွံအိတ်များနှင့် ရောနှောတင်ဆောင်လာသည့် မွတ်ဆလင် ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ဖမ်းဆီးရမိသည့် ယာဉ်မောင်းနှင့် ယာဉ်‌နောက်လိုက်များ၏ ထွက်ဆိုချက်အရ မွတ်ဆလင်များကို ရန်ကုန်သို့ပို့ဆောင်ရာ၌ ပါဝင်သူသုံးဦးမှာ ဂွမြို့နယ်တွင်ရောက်ရှိနေကြောင်းသိရှိရ၍ ဆက်လက်ရှာဖွေခဲ့ရာ ည ၈ နာရီခွဲခန့်တွင် လူသုံးဦးကိုဖမ်းဆီးရမိခဲ့သည်ဟုလည်း ၎င်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါမွတ်ဆလင်များမှာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားဆိုသူနှင့်ချိတ်ဆက်၍ တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ ဖြင့် သဘောတူခဲ့ပြီး ၎င်းတို့နေထိုင်ရာကျေးရွာများမှ စစ်တွေမြို့သို့လာရောက်၍ ပွဲစားစီစဉ်ပေးမှုအတိုင်း စက်လှေ၊ မော်တော်ယာဉ်တို့ဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်ဟုလည်း ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။

အဆိုပါမွတ်ဆလင် ၁၇ ဦးကို လဝကအက်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကာ ပို့ဆောင်ပေးသူ ၆ ဦးကိုလည်း ရာဇသတ်ကြီးဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

"မွတ်ဆလင်တွေက ရခိုင်တွေထက်ပိုပြီး ဖိနှိပ်ခံရတဲ့အထဲမှာ  ပါနေတယ်။ လွတ်လပ်စွာသွားလာခွင့်ဆိုတာ သူတို့မှာ မရှိခဲ့ဘူး။ အဲဒါကြောင့် အခုအချိန်မှာ သူတို့နေထိုင်ရေး၊ စားသောက်ရေး အကျပ်အတည်းဖြစ်လာလို့ သွားကြတယ်။ ဘယ်လူမျိုးမဆို အခုလည်း နိုင်ငံတကာကိုသွားနေကြတာပဲ။ သူတို့ကိုလည်း သွားခွင့်ပေးသင့်တယ်"ဟု မာန်အောင်ဒေသခံ ကိုအောင်မြင့်သူကပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂ ရက်နေ့ကလည်း ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီးတောတွင်းတွင် မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရသည်။ ထို့ပြင် ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦးဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် မွတ်ဆလင်နှင့် ရခိုင်တို့ကြားတွင် ပဋိပက္ခများဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် နှစ်ဘက်ဆက်ဆံရေးကောင်းမွန်လာပြီး မွတ်ဆလင်များလည်း စစ်တွေ၊ မင်းပြား စသည့်မြို့နယ်များတွင် လွတ်လပ်စွာသွားလာမှု၊ အလုပ်လုပ်ကိုင်မှုတို့လည်းရှိလာသည်ကို တွေ့ရသည်။ သို့ရာတွင် မွတ်ဆလင်များ ရခိုင်ပြည်ပြင်ပထွက်ခွာလျှင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို အမြဲကြုံတွေ့နေရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...