ကျိုက်ထိုရှိ စစ်ဘေးရှောင်နှစ်သောင်းကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

ကျိုက်ထိုရှိ စစ်ဘေးရှောင်နှစ်သောင်းကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
တောတောင်များထဲရှိ ကျိုက်ထိုစစ်ဘေးရှောင်များကိုတွေ့ရစဉ်။(ဓာတ်ပုံ - CJ)
တောတောင်များထဲရှိ ကျိုက်ထိုစစ်ဘေးရှောင်များကိုတွေ့ရစဉ်။(ဓာတ်ပုံ - CJ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ၂၂၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေးကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့်သြဂုတ်လအတွင်းတွင် စစ်ကောင်စီက လက်နက်ကြီးများ မကြာခဏပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးမှ မုပ္ပလင်၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် အင်္ဂဘို စသည့်ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင် (၂၂၀၀၀) ကျော်မှာ နီးစပ်ရာတောတောင်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ထွက်ပြေးတိမ်း ရှောင်နေရခြင်း ဖြစ်သည်။

စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူတစ်ဦးက “စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏလုပ်လို့ ရွာထဲကို ကျည်တွေကျရောက်တာရှိတော့ ရွာသားတွေမနေရဲကြတော့ဘူး။ တရွာလုံးနီးပါး ထွက်ပြေးကြရတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ဘေးရှောင်များထဲတွင် အင်္ဂဘိုနှင့် မဲရုံးကြီးကျေးရွာတို့မှအများဆုံးဖြစ်ကာ လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိနေကြောင်း အင်္ဂဘိုကျေးရွာမှ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရိက္ခာက နီးစပ်တဲ့ဘုန်းကြီးကျောင်းက လှူပေးတာရှိတယ်။ နေထိုင်ဖို့အတွက်လည်း တချို့က တောထဲမှာနေရတယ်ဆိုတော့ အမိုးအကာလုံးဝကိုမရှိဘူး။ အကူအညီပေးဖို့အတွက် အလှူရှင်တွေ တကယ့်ကိုလိုအပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။



တောတောင်များထဲရှိ ကျိုက်ထိုစစ်ဘေးရှောင်များကိုတွေ့ရစဉ်။(ဓာတ်ပုံ - CJ)

ယင်းအပြင် အဆိုပါစစ်ဘေးရှောင်များမှာ စစ်ရှောင်စခန်း သီးသန့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် တောတောင်အတွင်း၌ ယာယီတဲထိုးကာနေထိုင်ကြရပြီး လက်ရှိ မိုးရာသီဖြစ်သဖြင့် များစွာဒုက္ခရောက်နေရကြောင်းလည်း အင်္ဂဘိုကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။

“စစ်ဘေးရှောင်စခန်းတွေအဖြစ် ရှိတာမဟုတ်ပါဘူး။ တောထဲမှာပဲ ယာယီတဲထိုးနေရတာ။ မိုးအရမ်းရွာတဲ့အခါ မလုံတာလည်းရှိတယ်။ တချို့ဆို မိုးကာတွေခြုံပြီးနေကြရတယ်။ တချို့က ဘုန်းကြီးကျောင်းဝန်းထဲမှာ သွားနေရတယ်”ဟု ၎င်းကဆိုသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဉ်တန်းအချို့ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းများလည်း တိုက်ခိုက်ခံရမှုများရှိနေသည်။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...