ဘူးသီးတောင်မြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားဟုဒေသခံများပြောဆို

ဘူးသီးတောင်မြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားဟုဒေသခံများပြောဆို

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တကျော့ပြန် ထပ်မံ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာနေသလို ဖြစ်ပွားသည့် နယ်မြေများမှာလည်း ကျယ်ပြန့်လာသည်ဟု သတင်းရရှိသည်။

ယနေ့  ညနေကလည်း ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအနောက်ဘက် မေယုတောင်တန်းတွင် AA နှင့် မြန်မာစစ်ကောင်စီ စစ်တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖရုံချောင်း ရခိုင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။  

"ခုနှစ်နာရီမတီးခင်လောက်က ကြားလိုက်ရတာပါ။ လက်နက်ငယ် အပြန်အလှန်ပစ်တာ အများကြီးကြားလိုက်ရတယ်။ လက်နက်ကြီးကတော့ သုံးလေးလုံးလောက် ကြားလိုက်ရတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးသေနတ်သံတွေကြားရတာပါ" ဟု  ၎င်းက ပြောသည်။

၎င်းတိုက်ပွဲသည် စစ်ကောင်စီ တပ်မ (၂၂) မှ  စခန်းချနေထိုင်လျက်ရှိသည့် ဖရုံချောင်းမူဆလင် ကျေးရွာအနီးတောင်တန်းတွင် ယနေ့ညနေ ၆ နာရီခွဲခန့်က စတင်ဖြစ်ပွားပြီး  မည်သို့မည်ပုံ ဖြစ်ပွားခဲ့ခြင်းကို ဒေသခံများအနေဖြင့် မသိရသေးကြောင်း ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည်မှာ သေချာကြောင်း၊ သို့သော်  မည်သည့်အကြောင်းအရင်းကြောင့် နှစ်ဘက်ထိတွေ့မှုဖြစ်စဉ်ကို အသေးစိတ်အတိအကျမသိရသေးကြောင်း အေအေနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသို့ပြောသည်။

"ညနေ ၆ နာရီ မိနစ် ၅၀၊ ၇ နာရီလောက်မှာ ဖရုံချောင်းအနားမှာ တိုက်ပွဲဖြစ်နေပါတယ်။ ၂ ဘက်ထိတွေ့မှု ဖြစ်စဉ်အတိအကျကိုတော့ မသိရဘူး။ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေအရ တိုက်ပွဲဖြစ်နေတာတော့ သေချာပါတယ်"ဟုပြောသည်။

လက်ရှိတွင် လက်နက်ကြီးအသံများနှင့် တိုက်ပွဲဖြစ်ပွားသံများကိုကြား၍ ကြောက်လန့်သဖြင့် အနီးအနားရှိ ဖရုံချောင်းရခိုင်ရွာနှင့် မူဆလင်ကျေးရွာ စသည့်ကျေးရွာများမှ ဒေသခံအများအပြားသည် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခိုလှုံနေကြကြောင်း အဆိုပါကျေးရွာသားက ဆက်ပြောသည်။

"အခုက ထွက်ပြေးလာကြတာပါ။ လက်နက်ကြီးသံတွေနဲ့ဝေးတဲ့ ပြိုင်းတောင်မူဆလင်ရွာကို ရောက်နေပါတယ်။ ဖရုံချောင်းမူဆလင်ရွာက လူတွေတော့ ဘယ်ဘက်ကိုပြေးသွားကြလဲမသိဘူး။ ကျနော်တို့နဲ့ကတော့ ရွာကလူတွေအားလုံး ၂၀ ကျော်လောက်ပါပါတယ်" ဟုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်ဝန်းကျင်ကလည်း အိမ်ခြေ ၂၀ ခန့်သာရှိသည့် ဖရုံချောင်း ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ အခြေအနေတင်းမာလျက်ရှိပြီး စစ်ရေးမငြိမ်သက်မည့် အခြေအနေကို ခန့်မှန်းမိ၍ ရွာသားတချို့မှာ ဘူးသီးတောင်မြို့သို့ ယင်းအချိန်ကတည်းကပင် ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် ရွာ၌ ကျန်ရှိနေသည့် ရွာသားများမှာလည်း အနီးအနားရှိ ဘေးလွှတ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ရွာသားများကပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ဖရုံချောင်းကျေးရွာကနေ ထွက်ပြေးလာသည့် ကျောင်းဆရာမတစ်ဦးကလည်း တိုက်ပွဲဖြစ်သည့် နေရာအနီးရှိ ဖရုံချောင်းကျေးရွာဘက်က မီးခိုးများထွက်လာသည်ကို မြင်တွေ့ရပြီး ၎င်းအနီးအနားရှိ ရခိုင်နှင့် မူဆလင်ကျေးရွာသားများ နီးစပ်ရာသို့ ထွက်ပြေး နေကြသည်ဟု ပြောကြားသည်။

လက်ရှိရခိုင်ပြည်အနှံ့တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ရသေ့တောင်၊ မောင်တော၊ ပလက်၀မြို့နယ်တို့တွင်လည်း တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

မြန်မာစစ်ကောင်စီသည် ကြည်းတပ် အချင်းချင်းတိုက်ခိုက်ရာတွင် အေအေကို စစ်ရေးအရ မယှဉ်နိုင်သဖြင့် လေတပ်ကို အသုံးပြုကာ တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များအသုံးပြုကာ ပါဝင် တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...