မြောက်ဦး ဘူးရွက်မညှိုးရွာအနီး စစ်ကြောင်းဝင်လာ၍ အနီးအနားရှိ ကျေးရွာ ၃ ခုမှ ရွာသားများ ရွာလုံးကျွတ်ထွက်ပြေးနေရ

မြောက်ဦး ဘူးရွက်မညှိုးရွာအနီး စစ်ကြောင်းဝင်လာ၍ အနီးအနားရှိ ကျေးရွာ ၃ ခုမှ ရွာသားများ ရွာလုံးကျွတ်ထွက်ပြေးနေရ

အင်အား ၃၀ ကျော်ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည်  မြောက်ဦးမြို့နယ် ဘူးရွက်မညိုးရွာအနီးသို့ ရောက်ရှိလာသဖြင့်  ဘူးရွက်မညိုး၊ လက္ကာ၊ အောက်သကန် ကျေးရွာတို့မှ ဒေသခံများမှာ ကြောက်လန့်ကာ ရွာလုံးကျွတ်ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

၎င်းစစ်ကြောင်းသည် ယနေ့နံနက် ၈ နာရီခွဲခန့် မြောက်ဦးမြို့နယ် မြောက်ဘက် တိန်ညိုကျေးရွာ တံတားဘက်ကနေ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ဘူးရွက်မညိုး ကျေးရွာအနီးသို့ ရောက်ရှိလာသဖြင့် ကျေးရွာသားများ ကြောက်လန့်ထွက်ပြေးကြသည်ဟု  လက္ကာကျေးရွာသူ တစ်ဦးက ပြောသည်။

လက်ရှိ နေ့လယ်ပိုင်းအချိန်ထိ အဆိုပါ စစ်ကြောင်းမှာ ဘူးရွက်မညိုးကျေးရွာ အနီးတွင် ရှိသဖြင့် မည်သူမျှ ရွာမပြန်ရဲဖြစ်နေကြသည်ဟု သူမက ပြောဆိုသည်။

“ရွာကသူတွေသတင်းရတာနဲ့ ထွက်ပြေးလာကြတာ။ သူတို့အဲဒီနားကနေ ထွက်မသွားသရွေ့တော့ အဒေါ်တို့မပြန်ရဲကြဘူး။ ဘူးရွက်မညိုးက အဒေါ်တို့နဲ့တစ်ဖက်တစ်ကမ်းလေ။ အဒေါ်တို့က ကြောက်တယ်။ သူတို့အဲမှာ နေတဝင်အထိနေရင် ရွာကိုလည်းပြန်ရဲကြမှာမဟုတ်ဘူး။ အခုတောင် တောထဲမှာခြင်ကိုက်ခံပြီးနေနေကြရတယ်။ သူတို့ကိုက ကြောက်ရတယ် သူတို့ကရွာသားတွေကို အပြစ်မရှိအပြစ်ရှာဖမ်းခေါ်သွားတယ်လေ။ သူတို့လက်ထဲကိုရောက်သွားရင်တော့ သေပြီပေါ့။ ဒါကြောင့် ထွက်ပြေး  လာရတယ် ထမင်းတောင် မစားခဲ့ရသေးဘူး၊ စားဖို့လည်း ဘာတစ်ခုမှမပါဘူး” ဟု သူမက ပြောသည်။

လက်ရှိ နေ့လယ်ပိုင်းအချိန်ထိ အဆိုပါ စစ်ကြောင်းမှာ ဘူးရွက်မညိုး ကျေးရွာ အနီးတွင် ရှိသဖြင့် မည်သူမျှ ရွာမပြန်ရဲဖြစ်နေကြသည်ဟု သူမက ပြောဆိုသည်။

အဆိုပါ ရွာ ၃ ရွာမှ  ရွာလုံးကျွတ် ထွက်ပြေးကြရာတွင်  တကွဲတပြားစီ ထွက်ပြေးကြသဖြင့်  လူဦးရေမည်မျှ ထွက်ပြေး တိမ်းရှောင်သည်ကို ခန့်မှန်း၍မရနိုင်သေးကြောင်း ထွက်ပြေး တိမ်းရှောင်လာကြသည့် ဒေသခံများကပြောသည်။

တိုက်ပွဲနှင့် စစ်ကြောင်းများ ဝင်ရောက်မှုများ နေ့တိုင်းနီပါး ရှိနေ၍ ဒေသခံများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အလုပ်အကိုင်ပျက်ကာ ရပ်တည်နေထိုင်ရေးကို များစွာ ထိခိုက်နေသည်ဟုလည်း  တခြားဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

“ကျနော်တို့ဘဝတွေကလည်း အရမ်းဆိုးပါတယ်။ ဘယ်အချိန်မှ သူတို့နဲ့ ကင်းကင်းနေနိုင်မလဲမသိဘူး။ သူတို့ကလမ်းကနေ အေးဆေးသွားရင်တော့ ကောင်းတာပေါ့။ အခုကသူတို့ကပြောလို့မရဘူး။ ရွာထဲကိုဝင်လာရင် ဖမ်းမယ်စစ်မယ်။ ဒုက္ခတွေပါဘဲ။ ဒါကြောင့် စစ်တပ်လာရင်အကုန်လုံး ထွက်ပြေးနေကြရတယ်” ဟု ပြောဆိုသည်။  

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့လယ်ပိုင်းက မြန်မာစစ်တပ်ဘက်က အေအေအခြေပြုထားသည့် နယ်မြေထဲကို ဝင်ရောက်လာ၍ မြောက်ဦးမြို့နယ် လက္ကာရွာအနီးထိတွေ့မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့သည်။ ယင်းသို့ လှမ်းပစ်ခဲ့မှုကြောင့် ကင်းဆိပ်ကျေးရွာမှ ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ရပြီး ၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ကျေးရွာသားများအနေဖြင့် စစ်ကြောင်းဝင်ရောက်လာပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်ရသည့် အပြင် တိုက်ပွဲများဖြစ်လာပါကလည်း စစ်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မည်ကို အထူး စိုးရိမ်ကြီးလျက်ဖြစ်နေကြရသည်ဟု ဆိုသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်ကြရာတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများမှာ ပိုပြီး  ဒုက္ခရောက်ကြရသည်ဟု တိမ်းရှောင်နေရသည့်  ရွာသားများက ပြောဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...