မောင်တော ခမောင်းဆိပ်ပရဟိတကျောင်း မီးရှို့ခံရမှု မြန်မာစစ်တပ်လက်ချက်ဟု AA ပြော

မောင်တော ခမောင်းဆိပ်ပရဟိတကျောင်း မီးရှို့ခံရမှု မြန်မာစစ်တပ်လက်ချက်ဟု AA ပြော
ခမောင်းဆိပ်ကျေးရွာမှ ပရဟိတကျောင်းကို တွေ့ရစဉ်။(Photo- CJ)
ခမောင်းဆိပ်ကျေးရွာမှ ပရဟိတကျောင်းကို တွေ့ရစဉ်။(Photo- CJ)

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှ ပရဟိတစာသင်ကျောင်း၊ လူနေအဆောင်နှင့် ထမင်းစားဆောင်တို့ကို သြဂုတ်လ ၃၀ ရက်နေ့တွင် မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) ကပြောဆိုသည်။

ထိုလုပ်ရပ်မှာ မြန်မာစစ်တပ်၏ လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်းလည်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြစ်တင်ပြောဆိုသည်။

“ဒီလို ပရဟိတစာသင်ကျောင်းတွေကို မီးတိုက်တာကတော့ ကြီးမားတဲ့ လူအခွင့်အရေးချိုးဖောက်မှု၊ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တယ်"ဟု ၎င်းကပြောသည်။

အဆိုပါကျောင်းမှာ ဒေသတွင်းလူငယ်များကို အနာဂတ်လှပအောင် ပြုစုပျိုးထောင်နေသည့်ကျောင်းဖြစ်ပြီး မြန်မာစစ်တပ်၏ ယခုလုပ်ရပ်သည် လူငယ်များ၏အနာဂတ်ကို ရိုက်ချိုးဖျက်စီးနေခြင်းဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

မီးရှို့ခံရမှုကြောင့် ခမောင်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ပရဟိတစာသင်ကျောင်း၊ ကျောင်းသားများနေသည့်အဆောင်၊ ထမင်းချက်ဆောင်နှင့် ရိက္ခာထားသည့်အဆောင်များမှာ ပျက်စီးခဲ့သည်ဟု မျက်မြင်ဒေသခံများက DMG သို့ ပြောဆိုထားသည်။

အဆိုပါအဆောင်များကို မြန်မာစစ်တပ်က မီးရှို့ခဲ့သည်ဟု AA ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ခမောင်းဆိပ်ပရဟိတကျောင်းတွင် မင်းခမောင်း၊ ခမောင်းဆိပ်ကျေးရွာတို့မှ ဆင်းရဲနွမ်းပါးသည့်ကလေးငယ် ၂၀ ကျော် ပညာသင်ကြားနေသည့် ကျောင်းဖြစ်ကြောင်းလည်း ရွာသားများကပြောသည်။

မောင်တောဒေသခံများကလည်း အဆိုပါကျောင်း ပျက်စီးသွားခြင်းနှင့်ပတ်သက်ပြီး ထိုလုပ်ရပ်မှာ အကြမ်းဖက်လုပ်ရပ်ဟု ဝေဖန်ပြောဆိုကြသည်။

မောင်တောမြို့နယ်မှ လွှတ်တော်အမတ်ဟောင်းဖြစ်သူ ဦးမောင်အုန်းက “အဲဒီလို ပရဟိတကျောင်းတွေကို မီးရှို့ဖျက်ဆီးတာကတော့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ ကလေးတွေ စာသင်နေတဲ့ပရဟိတကျောင်းကို အခုလိုမီးရှို့တာကတော့ မလုပ်အပ်တဲ့လုပ်ရပ်ဖြစ်တယ်”ဟု ဆိုသည်။

ခမောင်းဆိပ်ကျေးရွာသားများမှာ ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် သြဂုတ် ၂၆ ရက်နေ့တွင် ရွာလုံးကျွတ် ထွက်ပြေးသွားကြပြီး မောင်တောမြို့ပေါ်နှင့် သုံးမိုင်ကျေးရွာတို့တွင် စစ်ဘေးရှောင် အဖြစ်ခိုလှုံလျှက်ရှိကြသည်။

တစ်နှစ်ကျော်ကြာရပ်တန့်နေခဲ့သော မြန်မာစစ်တပ်နှင့် AA တို့ကြားတိုက်ပွဲများသည် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် စစ်ရေးတင်းမာလာကာ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...