ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေဟုဆို

ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေဟုဆို
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းကို ယနေ့တွေ့ရစဉ်။ (Photo- CJ)
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းကို ယနေ့တွေ့ရစဉ်။ (Photo- CJ)

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှု တဖြည်းဖြည်းအားနည်းလာသည်ဟု စခန်းတွင်နေထိုင်သူများနှင့် စခန်းတာဝန်ရှိသူတို့ကပြောသည်။

ကျောက်တော်မြို့နယ်မှ လူဦးရေ ၃၀၀ ကျော်ခန့်ရှိ တောင်းမင်းကုလားစစ်ဘေးရှောင်စခန်းနှင့် လူဦးရေ ၅၅၀ ခန့်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စခန်းတို့တွင် ကျန်းမာရေးဌာနမှ မလာရောက်သည်မှာ ၇ လခန့်ရှိပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

“အရင်တုန်းကဆို တစ်လမှာတစ်ကြိမ်လောက် သူတို့ပုံမှန်လာပြီးတော့ နေမကောင်းတဲ့သူတွေကို ကြည့်ရှုကုသပေးတာတွေ၊ ပြီးတော့ ဆေးပေးတာတွေလုပ်ပေးတယ်။ နောက်ပိုင်းကျတော့ သူတို့ မလာတော့ဘူး။ အခုဆို ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဘာကာကွယ်ဆေးမှ မထိုးရဘူး။ တစ်ခုခုဖြစ်ရင်တော့ ကျမတို့မှာမလွယ်ဘူး”ဟု တောင်မင်းကုလားစစ်ဘေးရှောင်စခန်း တာဝန်ခံ မအေးအေးခင်က DMG ကိုပြောသည်။

လက်ရှိတွင် မိုးရာသီဖြစ်သဖြင့် စခန်းအတွင်းရှိ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ မကြာခဏ နေမကောင်းဖြစ်သည့်အခါ ငွေကြေးအခက်အခဲနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြစ်ပေါ်ရကြောင်းလည်း မအေးအေးခင်က ရှင်းပြသည်။

ထိုသို့အခက်အခဲများကို သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနသို့ တင်ပြထားသော်လည်း တစုံတရာအကြောင်းထူးမလာဘဲ ယနေ့အချိန်ထိပစ်ပယ်ထားသည်ဟု ၎င်းကကဆိုသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့အနီးရှိ စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်လည်း ကျန်းမာရေးဌာနမှ လာရောက်ကြည့်ရှုမှု မရှိသဖြင့် ကျန်းမာရေးကိစ္စအတွက် စိုးရိမ်မှုရှိသည်ဟု စခန်းတာဝန်ခံ ဦးသန်းဌေးကပြောသည်။

“မိုးတွင်းကာလဆိုတော့ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်မှာတွေ စိုးရိမ်နေရတယ်။ တစ်ခုခုဆို မြို့မှာသွားပြီး ကုသရတာဆိုတော့ ပိုက်ဆံလည်း အခက်အခဲရှိတယ်။ ဒီရာသီက ဖျားတာ၊ နာတာတွေလည်းများတော့ တစ်ခုခုဖြစ်မှာကို တွေးရင်းနဲ့တောင်စိတ်ပူနေရတယ်”ဟု ဦးသန်းဌေးကပြောသည်။

စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသူများအတွက် ကျန်းမာရေးဌာနမှ ပုံမှန်လာရောက်ကြည့်ရှုပေးစေလိုကြောင်းလည်း ဦးသန်းဌေးက တောင်းဆိုသည်။

“သူတို့မှာ ပစ္စည်း၊ ဥစ္စာနဲ့ မိသားစုအနာဂတ်တွေကိုပါ အရာအားလုံးကိုဆုံးရှုံးပြီးတော့ ဒီကိုရောက်နေကြတာပါ။ ဒါကြောင့် မျှော်လင့်ချက်မဲ့နေရတဲ့သူတို့အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလေးတော့ ရစေချင်တယ်။ တစ်လကို တစ်ကြိမ်လောက်ဖြစ်ဖြစ် လာရောက်ကြည့်ရှုကုသပေးကြပါလို့ တောင်းဆိုချင်ပါတယ်”ဟု ဦးသန်းဌေးကဆိုသည်။

လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ရှိသည့်အခါမျိုးမှလွဲ၍ အခြားမည်သည့်ကျန်းမာရေးကိစ္စကိုမျှ လာရောက်ကြည့်ရှုခြင်းမရှိဖြစ်နေသည်ဟုလည်းဆိုသည်။

ယခင်က စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးဌာနမှ တစ်လတစ်ကြိမ် အခမဲ့ကျန်မာရေးစောင့်ရှောက်မှုပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ဇန်နဝါရီလမှစတင်ကာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့်ကိစ္စကို ရခိုင်ပြည်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများကြောင့် ယခင်က စစ်ဘေးရှောင်ဦးရေနှစ်သိန်းကျော်ရှိခဲ့ရာမှ တဖြည်းဖြည်း နေရပ် ပြန်သွားသူများ ရှိခဲ့သည်။

သို့သော် စစ်ဘေးရှောင်ဦးရေခြောက်သောင်းခန့်မှာ နယ်မြေလုံခြုံမှုမရှိသေးသဖြင့် အိမ်ပြန်ရန်မဖြစ်နိုင်သေးဘဲ ယနေ့အချိန်ထိ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စသည့်အကျပ်အတည်းများစွာဖြင့် စခန်းအသီးသီးတွင်နေထိုင်ကြရဆဲဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...