ကျောက်ဖြူစစ်မျက်နှာ ကျယ်ပြန့်လာပြီး နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားနေ

ကျောက်ဖြူစစ်မျက်နှာ ကျယ်ပြန့်လာပြီး နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲ များ တဖန်ပြင်းထန်လာပြီး နေရာသုံးခုအထိ တပြိုင်နက်တည်း ဖြစ်ပွားနေသဖြင့် စစ်မျက်နှာ ကျယ်ပြန့်လာနေ ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် မေလမှစတင်ကာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးအနားနှင့် တောင်မော်ကြီး ရေတပ်စခန်းအနီး ဖြစ်ပွားနေသော တိုက်ပွဲမှာ ယခုဇူလိုင်လ တတိယပတ်မှစ၍ မင်းပြင်၊ ရေနံတောင်နှင့် ဇိုင်ချောင်းကျေးရွာများ အနီးအထိ ကူးစက်ကျယ်ပြန့်လာခြင်း ဖြစ်သည်။

ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက “မင်းပြင်နဲ့ ရေနံတောင်ရွာ အနားမှာရော၊ ပြီးတော့ ဇိုင်ချောင်း ဘက် အခြမ်းနဲ့ တောင်မော်ကြီးရေတပ်စခန်းနားမှာပါဆိုရင် တိုက်ပွဲက သုံးနေရာဖြစ်နေတာ တစ်ပတ်လောက်ရှိပြီ။ တစ်ခါတလေဆို ပစ်သံခတ်သံတွေ တော်တော်ကြီးကို ကျယ်တာ” ဟု ပြောသည်။

ယခု တိုက်ပွဲပြန်လည်ဖြစ်ပွားနေသော မင်းပြင်၊ ရေနံတောင်နှင့် ဇိုင်ချောင်းကျေးရွာအနီးတို့တွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ တိုက်ပွဲများ ရှိခဲ့သော်လည်း တောင်မော်ကြီးရေတပ်စခန်းအနီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မေလနောက်ပိုင်းတွင် ငြိမ်သက်နေခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေရာများတွင် တိုက်ပွဲပြန်လည် ဖြစ်ပွားလာခြင်းမှာ စစ်တပ်က အင်အားစုဖွဲ့ကာ AA ထိန်းချုပ်ရာ နေရာ များဘက်သို့ ရှေ့တိုးလာနေသဖြင့် AA ဘက်က အသင့်စောင့်ဆိုင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်လာခြင်း ဖြစ်သည်။

စစ်ရေးအခြေအနေကို သိရှိသည့် အခြား ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက “AA ဟာ စနဲဘက်မှာပဲ အာရုံစိုက်နေတယ်ဆိုတဲ့ အတွေးနဲ့ စစ်တပ်ဘက်က ရှေ့တိုးလာတာ ထင်တယ်။ တပ်တော် (AA) ကလည်း အသင့်စောင့်နေတာဆိုတော့ စစ်တပ်ဘက်က အကျအဆုံးတွေ တော်တော်များပြီး နောက်ဆုတ်တယ်။ အခု AA က ရှေ့ကို ပြန်တိုးပြီး တိုက်နေတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ဝက်ပိုင်းကစ၍ AA ထိန်းချုပ်ရာနေရာများသို့ ကြည်း၊ ရေ၊ လေ အပါအဝင် အင်အားထောင်နှင့်ချီ အသုံးပြုကာ နည်းမျိုးစုံဖြင့် ထိုးဖောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

သို့သော်လည်း AA က အသင့်စောင့်ဆိုင်း၍ ခုခံတိုက်ခိုက်မှုအပါအဝင် နေရာစုံမှ တန်ပြန်ထိုးစစ်များကို ပြုလုပ် နိုင်သည့် အခြေအနေကြောင့် စစ်တပ်စစ်ကြောင်းများမှာ အကျအဆုံးများဖြင့် အကြိမ်ကြိမ် ပြန်လည်ဆုတ်ခွာ နေရကြောင်း မြေပြင်အခြေအနေကို သိရှိသူများက ဆိုသည်။

ကျောက်ဖြူဒေသခံ လူငယ်တစ်ဦးက “AA က ကျောက်ဖြူကို အချိန်မရွေး သိမ်းပိုက်မယ့် အခင်းအကျင်းက ရှိပြီးသားပါ။ ဒါပေမဲ့ စခန်းသိမ်းထိုးစစ်တွေထက် စစ်အုပ်စုရဲ့ အင်အားကိုပဲ ဖြုန်းတီးနေတဲ့ အနေအထား ဖြစ် တာကြောင့် ကျောက်ဖြူစစ်မျက်နှာဟာ AA အတွက် စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှုတွေ ရှိနေသလားလို့ စဉ်းစား မိတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် ဇွန်လပိုင်းအထိ ကျောက်ဖြူမြို့နယ်ရှိ တရုတ်နိုင်ငံ၏ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းနေရာများအပါအဝင် မြို့ပေါ်နှင့် ခြောက်မိုင်အကွာအဝေးအထိ ထိန်းချုပ်နိုင်ခဲ့ ပြီး ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ် (၃၂) ရဲတပ်ရင်းအနီးအထိပါ ချည်းကပ်ပိတ်ဆို့နိုင်ခဲ့သည်။

သို့သော်လည်း ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှစ၍ SEZ ဇုန်နေရာများဖြစ်သော ကြတ္တိန်၊ ကပ်သပြေနှင့် ကန္ဒီးအုပ် စုတို့ကို AA က ဆုတ်ခွာပေးခဲ့ရသဖြင့် ကျောက်ဖြူစစ်မျက်နှာသည် တရုတ်နှင့် ပတ်သက်နေမှုများ အပါအဝင် AA အတွက် စစ်ရေး အကန့်အသတ်အချို့ ရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။

(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...