ရခိုင်ပြည်သူများ စိတ်ဝင်စားနေသည့် စစ်တွေမြို့ ပြည်နယ်စစ်ကောင်စီရုံး အနီးတွင် အသတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်း၏ အမှုတွင် ကျူးလွန်ခဲ့သူ လူသတ်တရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ ဖြစ်သော ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA) သတင်း နှင့် ပြန်ကြားရေးက သတင်း ထုတ်ပြန်သည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန် တရားခံပေါ်ပေါက်ရေးအတွက် သံသယဖြစ်ခြင်းခံရသည့် ပတ်သက်နသူများကိုခေါ်ယူ၍ စစ်ဆေး မေးမြန်းကာ လူသတ်တရားခံအား စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့အပြင် လူသတ်တရားခံအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ အမှုမှန် ပေါ်ပေါက် နိုင်ရေးနှင့် ပြစ်မှုကျူးလွန်ထားသော တရားခံကို ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ရေးအတွက် တာဝန်သိစိတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့သော တာဝန်သိပြည်သူများကို အလေးအနက် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အသက် (၁၈) နှစ်အရွယ်သာရှိသေးသည့် ယခုနှစ်ဆယ်တန်းကို ဂုဏ်ထူး တစ်ဘာသာဖြင့် အောင်မြင်ထားသူ မနွယ်သန္တာဝင်းသည် စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတည်ရှိရာ မေယုလမ်းရှိ "Luminous/Livguard” ပလပ်စတစ် ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်နေသူ ဖြစ်ပြီး သူမ၏ အသတ်ခံထားရသည့် အလောင်းအား ဩဂတ်စ်လ (၁၅) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်၌ တွေ့ရှိခဲ့သည်။
သူမသည် အလောင်းကို ၎င်းဆိုင်၏ စတိုခန်းအတွင်းတွင် ဝမ်းဗိုက်တွင် ဓါးထိုးဒဏ်ရာများ၊ လည်ပင်းတွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဆွေမျိုးများက တွေ့ရှိခဲ့သည်။
အဆိုပါ အမျိုးသမီးငယ် အသတ်ခံရသည့် နေရာမှာ စစ်တွေမြို့လယ်ခေါင်ဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများ အကြားတွင် မကျေနပ်မှု တိုးပွားခဲ့ပြီး ကျူးလွန်သူ လူသတ်တရားခံကို ဖော်ထုတ်ပေးရန် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်နှင့် လက်ရှိ စစ်ကောင်စီကို ပြည်သူများက တောင်းဆိုခဲ့သည်။
ယခုအခါ ရခိုင်ပြည်သူများ၏ တာဝန်သိစိတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် လူသတ်တရားခံကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်ပြည်သူ့ရဲတပ်ဖွဲ့ အနေနှင့် ပြည်သူ့လုံခြုံရေး၊ တရားမျှတမှုရရှိစေရေး အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့် တပြေးညီလုပ်ဆောင်လျက်ရှိပြီး ပြည်သူများအနေနှင့်လည်း ပြည်သူ့တာဝန်သိစိတ်နှင့်အတူ ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေနှင့် အာရက္ခပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးကို အပြည့်အဝ ရရှိစေရန်အတွက် ဒီထက်မက ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။








