ရသေ့တောင်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံထောင်ချီထွက်ပြေး

ရသေ့တောင်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံထောင်ချီထွက်ပြေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် သြဂုတ်လ ၃၀ ရက်၊ ညနေပိုင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ ၁၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲမှာ မညင်းတောင်၊ ပြိန်းတောနှင့် ညောင်ပင်လှကျေးရွာအနီးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်အသံများ ကျယ်လောင်စွာကြားခဲ့ရကြောင်း ညောင်ပင်လှကျေးရွာမှ အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

“ညောင်ပင်လှနဲ့ နီးနီးလေးမှာဖြစ်ကြတာပါ။ လက်နက်ကြီးသံတွေကော လက်နက်ငယ်အသံတွေကော ပေါင်းစုံပါပဲ။ ရွာနဲ့မနီးမဝေးမှာ လက်နက်ကြီးတွေကျပါတယ်။ လူတွေတော့ မထိခိုက်လိုက်ပါဘူး။ ကြောက်လို့ ရှိသမျှလူအားလုံးပြေးကြတာပါ။ မနေ့က တစ်ရွာလုံးကြောက်ရွံ့လို့ ညောင်ပင်လှကျောင်းထဲမှာ စုပြီးအိပ်ကြတယ်။ ဒီနေ့မနက်မှာ တစ်ရွာလုံး စေတီပြင်ဘက်ကို ပြေးလာကြတာ“ဟု သူကပြောသည်။

ရေမျက်ကျေးရွာသားတစ်ဦးကလည်း လက်နက်ကြီးအသံ အကြိမ်ရေ ၂၀ ခန့်ကြားလိုက်ရကြောင်း ပြောဆိုသည်။

“လက်နက်ကြီးအသံတွေ ကြားလိုက်ရတယ်။ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ ဂျိန်းဆိုပြီး ပေါက်ကွဲသံတွေကြားရတာ ရင်တောင်တုန်တယ်။ ကျွန်တော်ဖုန်းဆက်ပြီးမေးကြည့်တော့ မညင်းတောင်အောက် လမ်းမကြီးအောက်အဝိုင်းတွေမှာ ကျတယ်တဲ့။ လက်နက်ကြီးက ၂၀ ကျော်လောက်တောင် ကြားလိုက် ရပါတယ်။ တိုက်ပွဲကတော့ နာရီဝက်လောက်ဖြစ်ခဲ့တာ“ဟု သူကပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြိန်းတော၊ ညောင်ပင်လှ၊ အောင်မြေကုန်း၊ ရေမျက်၊ ကုလားချောင်း၊ ကုန်တန်း၊ သမီးလှ၊ ရေစိုးချောင်း စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

“ဒီအတိုင်းပြေးလာကြတာ ဘာမှယူဖို့အချိန်မရခဲ့ဘူး။ ညနေပိုင်း ကလေးတွေ၊ အိုကြီးအိုမတွေကိုခေါ်ပြီး ထွက်ပြေးကြရတာဖြစ်လို့ ဘာမှမယူခဲ့ရပါ။ စားဝတ်နေ‌ရေးကို ဘယ်လိုစီစဉ်ရမယ်ဆိုတာ စဉ်းစားကြတုန်းပါ။ တိုက်ပွဲတွေကိုတော့ ဖြစ်နိုင်ရင် ရပ်တန့်စေချင်တာပေါ့။ တခြားတစ်နေရာမှာ စားဝတ်နေရေးက ကိုယ့်အိမ်မှာလောက် အဆင်ပြေပါ့မလား“ဟု ညောင်ပင်လှဒေသခံတစ်ဦးကဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများမှာ စေတီပြင်၊ ကျောက်ရန်၊ သိမ်တောင်၊ ငွေတောင် စသည့်နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုလှုံနေကြရပြီး စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေရသည်။ လတ်တလောတွင် စားရေးသောက်ရေးအဆင်ပြေအောင် တတ်နိုင်သမျှစီစဉ်ပေးထားသည်ဟု ရသေ့တောင်ဒေသခံ ကိုအောင်မင်းစိုးက DMG ကိုပြောသည်။

“ဒီနေ့မနက်ပိုင်းကတော့ စဖိုကျွန်း၊ ကန်ပြင် စတဲ့ရွာတွေက အသက်ကြီးတဲ့လူတွေ၊ ကလေးတွေကိုတော့ စေတီပြင်ဘက်အထက်ပိုင်းကို ရွှေ့ပြောင်းထားရပါတယ်။ ဘာလို့ဆို ဇက်ရေယာဉ် (စစ်ရေယာဉ်) တက်လာရင် ယမ်းသမ်းပစ်ခတ်မှာစိုးလို့ပါ”ဟု ၎င်းကဆိုသည်။

“သူတို့ဆွေမျိုးအိမ်တွေမှာ နေကြတဲ့လူတွေလည်းရှိတယ်။ ပိုက်ဆံပါကြတဲ့လူတွေက နည်းနည်းပါးပါ ဝယ်စားကြတာရှိတယ်။  တတ်နိုင်သလောက် ကျွန်တော်တို့လူအရေအတွက်ကို သေချာတွက်ပြီး ပြည်တွင်းကလူမှုကူညီရေးအဖွဲ့တွေကို အကူအညီတောင်းဖို့တော့လုပ်ထားပါတယ်။ ကုန်ဈေးနှုန်းတက်နေလို့ ရွာတွေ ကလည်း သူတို့ကိုရေရှည်လက်ခံပြီးကျွေးမွေးထားဖို့က မလွယ်ဘူးလေ“ဟု ကိုအောင်မင်းစိုးက ဆက်ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်လာပြီး မြောက်ဦး၊ မောင်တော၊ ရသေ့တောင်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကာ ဒေသခံစုစုပေါင်း ၄၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...