ပုသိမ်ထောင် စစ်ဆေးရေးအဖွဲ့နှင့် နိုင်ကျဉ်းများ ထိုးကျိတ်မှုဖြစ်

ပုသိမ်ထောင် စစ်ဆေးရေးအဖွဲ့နှင့် နိုင်ကျဉ်းများ ထိုးကျိတ်မှုဖြစ်

ပုသိမ် အကျဉ်းထောင်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးသည့် စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ အပြန်အလှန်ထိုးကြိတ်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ရဲအထူးသတင်း တပ်ဖွဲ့ (SB) နှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့က နိုင်ငံရေး အကျဉ်းသားများကို “ထောင်ပုံစံကြီး” ထိုင်ခိုင်းပြီး စစ်ဆေးရာမှ စကားများပြီး အဖွဲ့လိုက် ထိုး ကြရိုက်ကြခြင်း ဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

“ကြီးကြီးကျယ်ကျယ် ထိခိုက်တာတော့ မရှိဘူးလို့ သိရတယ်။ အခုတော့ ထောင်ထဲက အဆောင်တွေ အားလုံး သော့ပိတ်ထားတယ်။ ထောင်ဝန်ထမ်းတွေပါ အပြင် ထွက်ခွင့် မပေးဘူး။ နိုင်/ကျဉ်း တချို့ကိုတော့ ထောင်စည်း ကမ်း အရ အရေးယူလိမ့်မယ်” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့နှင့် ပုသိမ်အကျဉ်းထောင်ထဲမှ နိုင်ငံရေး အကျဉ်းသားများ သြဂုတ်လ၂၈ ရက် နေ့၊ နံနက်ပိုင်းအချိန်က အပြန်အလှန် ထိုးကြိတ် ရိုက်နှက်မှုများ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ သတင်းတပ်ဖွဲ့ဝင်များက ထောင်အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်များကို စွက်ဖက်ပြီး ထောင်စည်း ကမ်းကို ချိုးဖောက်ကာ နိုင်ငံရေးအကျဉ်းသားများကို ထောင်ထဲမှ ညအချိန်မတော် ခေါ်ထုတ်စစ်ဆေးခြင်း၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ မကြာခဏ လုပ်လေ့ရှိသည်ဟု သိရသည်။

“ထောင်ပုံစံကြီး” ဆိုသည်မှာ စစ်ဆေးခံ အကျဉ်းသားက လက်နှစ်ဖက်ကို ဦးခေါင်းပေါ်တင်၊ ခြေဖျားထောက် ဒူးကွေးထိုင် အနေအထား၊ ဦးခေါင်း မော့ကြည့်ခွင့် မရှိ၊ ခေါင်းငုံထားရသည့် ပုံစံဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က ရှင်းပြသည်။

ထိုနိုင်ငံရေး အကျဉ်းသားဟောင်း က “လူတစ်ဦးရဲ့ ဂုဏ်သိက္ခာကို ချိုးနှိပ်စော်ကားတဲ့ လုပ်ရပ်ဖြစ်လို့ ဒါမျိုး အကျဉ်းထောင်ပုံစံတွေမှာ မရှိသင့်တော့ ဘူး” ဟု ဆက်ပြောသည်။

ပုသိမ်ထောင်ထဲတွင် ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေး အကျဉ်းသား အမျိုးသမီး အယောက် ၅၀ ခန့် အပါအဝင် အကျဉ်းသူ/သား အယောက် ၃၆၀ ကျော်ရှိသည်။ ၎င်းတို့အနက် နိုင်ငံရေး အကျဉ်းသား အမျိုးသမီး ၁၈ ဦး အပါအဝင် အကျဉ်းသူ/သား အယောက် ၁၂၀ ကို စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်ထားပြီးဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

 

July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...
July 16, 2026
မန္တလေးမြို့၊ အိုးဘိုဗဟိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက်...