တိုက်ပွဲကြောင့် ခမောင်းဆိပ်ရွာမှ ထွက်ပြေးလာသူများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

တိုက်ပွဲကြောင့် ခမောင်းဆိပ်ရွာမှ ထွက်ပြေးလာသူများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ မြိုလူမျိုးနှင့် ဒိုင်းနက်လူမျိုး လူဦးရေ ၄၀၀ ကျော်မှာ လက်ရှိတွင် စားသောက်ရေးအခက်အခဲများကြုံတွေ့နေရသည်ဟု ကာယကံရှင်များက DMG သို့ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာနှင့် မီတာ ၁၀၀ ခန့်ကွာဝေးသည့် နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် ခမောင်းဆိပ်ကျေးရွာမှ ထွက်ပြေးလာသူများမှာ ရေနောက်သားကျေးရွာတွင် ၇၃ ဦး၊ မင်္ဂလာညွန့်ကျေးရွာတွင်  ၂၅ ဦးနှင့် သစ်တုံးနားခွဆုံကျေးရွာတွင် ၃၂၈ ဦး ခိုလှုံနေကြကြောင်း သိရသည်။

လူဦးရေ ၃၀၀ ကျော်ကို ကျွေးမွေးထားရသည်မှာ မလွယ်ကူကြောင်း သစ်တုံးနားခွဆုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက DMG ကိုပြောသည်။

“အဓိကပြောချင်တာကတော့ သူတို့အတွက် စားနပ်ရိက္ခာလိုအပ်ချက်ရှိပါတယ်။ သူတို့အတွက် စားနပ်ရိက္ခာမရရင် ရွာကိုလည်းမပြန်ကြရဘူးဆိုတော့ တကယ့်ကိုဒုက္ခရောက်မယ့် အနေအထားရှိပါတယ်“ဟု ၎င်းကပြောသည်။

တိုက်ပွဲကြောင့် ခမောင်းဆိပ်ကျေးရွာမှ ထွက်ပြေးလာပြီး ရေနောက်ငါးသားကျေးရွာတွင် ခိုလှုံနေသည့်ဒေသခံတစ်ဦးက “ရွာကို ဘယ်နေ့ပြန်ရမလဲ တစ်ယောက်မှမသိကြသေးဘူး။ ရွာမှာကျန်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေလည်း တစ်ခုမှယူလို့မရတော့ အခက်အခဲတွေကို စဉ်းစားကြည့်ပါတော့“ဟု ပြောသည်။

နဂိုကတည်းက စားရေးသောက်ရေး အဆင်မပြေကြသည့်အပြင် ယခုအခြေအနေမျိုးပါ ကြုံတွေ့လာကြရသည့်အတွက် လာမည့်ရက်ပိုင်းအတွင်း ရိက္ခာများပြတ်လပ်သွားနိုင်ကြောင်း ရေနောက်ငါးသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုစံထွန်းက DMG ကိုပြောသည်။

“ရေရှည်မှာ စားရေးသောက်ရေးအခက်အခဲတွေဖြစ်ကြမှာ။ ဘာလို့ဆို ကားလမ်းကလည်း မဖွင့်သေးဘူးလေ။ ရေရှည်သွားမှာက မလွယ်ပါဘူး။ ဒီအတိုင်းဆို ကျွန်တော်တို့လည်း ဘယ်လို လုပ်ရပါမလဲ။ အခုက ဆီလည်းရှာလို့မရ၊ ဆန်ရှာလို့မရ။ ငွေပေးပြီးတောင် ဝယ်မရဘူးဖြစ်နေပါတယ်“ဟု ၎င်းကပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ မောင်တောမြို့ပေါ်သို့ ထွက်ပြေးခိုလှုံသူများရှိနေပြီး မင်းခမောင်းကျေးရွာတွင် လူ ၉ ဦးခန့်သာကျန်ခဲ့ကြောင်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...