တပ်ထဲဝင်ပါက ကျပ်သိန်း ၂၀ ပေးမည်

တပ်ထဲဝင်ပါက ကျပ်သိန်း ၂၀ ပေးမည်

ထားဝယ်ခရိုင် အခြေစိုက် ခလရ ၂၇၃ က ဒေသခံလူငယ်များအား တပ်ထဲဝင်ပါ ငွေ ကျပ်သိန်း ၂၀ အထက်လက်ငင်းပေးမည်ဟု စည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် လူငယ်များအား မိမိတို့ တပ်ထဲသို့ ဝင်ရောက်ပါက ကျပ်သိန်း ၂၀ မှ ၂၅သိန်းကို လက်ငင်းပေးမည်ဟု ယခု ရက်ပိုင်းတွင် လိုက်လံစည်းရုံး နေသည်ဟု ဒေသခံများက ပြောသည်။

“လိုအပ်တဲ့ အခွင့်အရေးတွေပေးမယ်။ မူးယစ်ဆေးဝါးနဲ့ အရက်တွေကိုလည်း စိတ်ကြိုက် အသုံးပြုခွင့်ပေးမှာ။ လုပ်မလားလို့ တပ်ကြပ်တယောက်က လာမေးတယ်။ စဉ်းစားအုန်းမယ်လို့ပဲ ပြန်ပြောလိုက်တယ်” ဟု အသက် ၂၅ နှစ်အရွယ် ဖားချောင်းကျေးရွာသား တစ်ဦးက ပြောသည်။

ထို့အပြင် နေ့စားခအဖြစ် ရှေ့တန်းထွက်သည့်အခါ နယ်မြေကျွမ်းကျင်သူများကို တစ်ရက်လျှင် ကျပ် ရှစ်သောင်း မှ တစ်သိန်းအထိ ပေးသွားမည်ဖြစ်ပြီး ကျေးရွာများအတွင်းတွင် ကင်းလှည့်ရာတွင် ပါဝင်ပေးပါက နေ့စားခ အဖြစ် ကျပ်သုံးသောင်းမှ ငါးသောင်းအထိ ပေးသွားမည် ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံ စည်းရုံး နေသည် ဟု ဒေသခံများက ပြောသည်။

ကံပေါက်ဒေသ အတွင်းရှိ အလုပ်အကိုင်မရှိ မူးယစ်ဆေးစွဲနေသည့် လူငယ်များအား အဓိကပစ်မှတ်ထားကာ လိုက်လံစည်းရုံးနေသည်ဟု သိရသည်။

လက်ရှိတွင် ၂၇၃ တပ်ရင်းအတွင်း တပ်သားသစ် အချို့ရောက်ရှိနေကာ အဆိုပါ တပ်သားသစ်များကို မူးယစ် ဆေးဝါးများ လွတ်လပ်စွာ သုံးစွဲခွင့်ပြုထားပြီး ထွက်မပြေးနိုင်စေရန် အတွက်လည်း ကင်းအထပ်ထပ်ချထား သည် ဟု အမည်မဖေါ်လိုသူ တပ်မိသားစုဝင် တစ်ဦး က ပြောသည်။

အလားတူ အမှတ် ၂၇၃ ခြေလျင်တပ်ရင်းထဲမှ တပ်မိသားစုဝင်များကိုလည်း အပြင်ထွက် သွားလာခွင့်ကန့်သတ် မှုများ ရှိနေကာ အိမ်ထောင်သည် လိုင်းများအတွင်း ယခင်ကထက် လုံခြုံရေးပိုမိုတင်းကြပ်ထားသည် ဟု သိရ သည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...