တပ်မှစွန့်လွှတ်ပြီးမြေများ ဆက်လက်သိမ်းခံနေရ

တပ်မှစွန့်လွှတ်ပြီးမြေများ ဆက်လက်သိမ်းခံနေရ
by -
ထက်ထက်
စိုက်ပျိုးမြေများဆက်လက်တိုးချဲ့သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်နေသဖြင့် မြဝတီမြို့နယ်၊ ၅ရပ်ကွက်၊ ရေပူစမ်းကျေးရွာရှိတောင်သူများမှ သြဂုတ်လ ၁၈ရက်က ရေပူစမ်းကျေးရွာဓမာရုံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“သူတို့ကမြေတခါလာတိုင်းရင် တခါထပ်ပါသွားတယ်။ အခုဆိုအကုန်လုံးတပ်မြေထဲပါသွားပြီ” ဟု မြေဧက ၄၈ဧက ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ဒေါ်သောင်းသောင်းကပြောသည်။

မြေစာရင်းဦးစီးဌာနမှ တပ်မတော်ပိုင်သောမြေနေရာများအားလာရောက်တိုင်းတာပြီး ဧရိယာသတ်မှတ်မှုများပြုလုပ်ခြင်း အကြိမ်ကြိမ်ရှိခဲ့ပြီး တိုင်းတာရာတွင် အကျယ်အဝန်းသည် တကြိမ်နှင့် တကြိမ်တူညီခြင်းမရှိဘဲ တောင်သူများ လုပ်ကိုင်စားသောက်သောမြေများဘက်လို့ ပိုပိုရောက်လာကြောင်း တောင်သူများ၏ ပြောကြားချက်များအရသိရသည်။

တပ်မတော်ပိုင်မြေသည် မြဝတီမြို့နယ်တွင် ၁၄၈၃ဧက အမှန်တကယ်ရှိပြီး၊ ၂၀၁၅ခုနှစ်တွင် မြေသိမ်းမြေလွှဲလုပ်ဆောင်မှုများ အကောင်အထည်ဖော်ရာ ဧက၅၉၀ကို နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြဝတီမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။ ရေပူစမ်းကျေးရွာမှ တောင်သူ၃၈ဦးပိုင်ဆိုင်သော မြေဧက၂ရာကျော်သည် လွှဲပြောင်းပေးခဲ့သောမြေများတွင် ပါဝင်သည်။

“၂၀၁၅၊ ၁၀လပိုင်းမှာ ကရင်ပြည်နယ်ခန်းမမှာ ၅ရပ်ကွက်၊ ရေပူစမ်းကျေးရွာက တောင်သူ ၂၂ ဦးပိုင်တဲ့ မြေဧက ၂ရာကျော်ကို မူလပိုင်တဲ့တောင်သူတွေကို အခမ်းအနားနဲ့ ပေးမယ်ဆိုပြီး တပ်ကပဲလာပြောတာ။ ဒါနဲ့ပဲကျွန်တောာ်တို့ကစောင့်နေတာပေါ့။ ဒါပေမယ့် ပေးလိုက်တာကို ကျွန်တော်တို့မသိလိုက်ဘူး” ဟု ဧက၂၈ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော တောင်သူဦးအောင်နိုင်ကပြောသည်။

လက်ရှိတွင် တောင်သူများပိုင်ဆိုင်သောမြေများ အပါအဝင် ဧကငါးရာကျော်ကို ရပ်ကွက်အသစ်၂ခု ထပ်မံဖော်ထုတ်ရန်လျာထားကြောင်း ၂၀၁၆ခုနှစ် မတ်လအတွင်းကပြည်ထဲရေးဝန်ကြီးဌာန (နေပြည်တော်)မှ အမိန့်ကြေညာစာထုတ်ထားသည်။

တောင်သူများသည် အဆိုပါစိုက်ပျိုးမြေများအား ၁၉၉၃ခုနှစ်တွင် ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပြီး အမှတ်၂၇၅ခြေလျင်တပ်ရင်းသည် ၎င်းမြေများအနီးတွင် ၁၉၉၆ခုနှစ်တွင် လာရောက် အခြေစိုက်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် တောင်သူများစိုက်ပျိုးမြေနဲ့ပတ်သက်ပြီးတပ်မတော်ဘက်မှ လာရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၄ခုနှစ်မှစကာ ၄င်းမြေများပေါ်တွင် နေထိုင်လုပ်ကိုင်မှု ရပ်တန့်ခဲ့ရကြောင်းတောင်သူများ၏ ပြောကြားချက်အရသိရပါသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...